အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနေ

မြန်မာ
ဓာတ်ပုံ ပုံစာ,

နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ရေး ဆွေးနွေးပွဲတွေကနေ အတည်ပြုခဲ့တာလည်း ဖြစ်

ဖေဖော်ဝါရီလ မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဒေသ အလိုက်၊ လူမျိုး အလိုက် တင်ပြ မယ့် အချက် တွေကို စုစည်း ဖို့ အတွက် ဇန်နဝါရီလ ၅ ရက်နေ့မှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေကို တနင်္သာရီ တိုင်း နဲ့ ကရင် ပြည်နယ် တို့မှာ စတင် ကျင်းပ ခဲ့ပါတယ်။

ကရင် ပြည်နယ်မှာ ကျင်းပ တဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေမှာတော့ မြေယာ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ကိစ္စတွေကို အဓိက ဆွေးနွေး ခဲ့ကြပါတယ်။

၂၀၁၂ မြေယာ ဥပဒေ နဲ့ ပတ်သက်ပြီး တိုင်းရင်းသား တွေဘက်က နစ်နာ ချက်တွေကို ထောက်ပြ ခဲ့တယ်လို့ ကရင် ပြည်နယ်မှာ ကျင်းပတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မှာ ဦးဆောင် ဆွေးနွေး သူ တစ်ဦး ဖြစ်တဲ့ နန်းစေးဝါ က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ ဆွေးနွေး ပွဲ ကို ကရင် ပြည်နယ် က တိုင်းရင်းသား အဖွဲ့အစည်းတွေ တက်ရောက် ခဲ့ကြပါတယ်။ ၃ ရက်ကြာ ကျင်းပမယ့် ဆွေးနွေး ပွဲတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေကိုလည်း ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

တနင်္သာရီ တိုင်း ဒေသကြီးမှာလည်း အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အကြို ဆွေးနွေး ပွဲတွေကို ဇန်နဝါရီလ ၅ ရက်နေ့မှာ စတင် ကျင်းပခဲ့ပြီး တက်ရောက် သူ ဦးရေ ၃၀၀ ကျော် ရှိခဲ့ပါတယ်။

အခု ဆွေးနွေးပွဲတွေက ဒေသ အလိုက် နိုင်ငံရေး ဆွေးနွေး ပွဲတွေ ဖြစ်ပြီး၊ လူမျိုး အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေ လည်း ကျင်းပဖို့ ရှိပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကရင် တိုင်းရင်းသား တွေ အတွက် လူမျိုး အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲ ကို ဘားအံ မြို့မှာ ကျင်းပ မှာ ဖြစ်ပါတယ်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေကို ပြည်နယ် နဲ့ တိုင်းဒေသကြီး ၁၄ ခု အပါအဝင် နေပြည်တော် ကောင်စီ နယ်မြေမှာပါ ကျင်းပ ဖို့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တွေ နဲ့ နိုင်ငံရေး ပါတီ တွေ ဘက်က တောင်းဆို ခဲ့ကြတာပါ။

ဒါပေမယ့် တပ်မတော် က အဆိုပြု တဲ့ အတိုင်း ကရင် ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး နဲ့ နေပြည်တော် ကောင်စီ နယ်မြေ တို့မှာသာ ကျင်းပ ဖို့ စီစဉ် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။