တိုင်းရင်းသား တွေအပေါ် ပြောခဲ့တဲ့ တပ်ချုပ်ရဲ့ စကား ကို ဝေဖန်

မြန်မာ
ဓာတ်ပုံ ပုံစာ,

တိုင်းရင်းသား ခေါင်းဆောင် တွေက အမြင်ကျယ်လို့ သာလျှင် ငြိမ်းချမ်းရေး အတွက် ကြိုးစားနေကြတာ ဖြစ်တယ်လို့ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ် က ပြော

အမြင်ကျဉ်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေကြောင့် ဒီနေ့ ထိ တိုက်ပွဲ တွေ ဖြစ်ပွား နေတာ ဆိုတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်ကို တိုင်းရင်းသား ခေါင်းဆောင် တွေက ဝေဖန် နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လွတ်လပ်ရေးနေ့က နေပြည်တော် ဂုဏ်ထူးဆောင်တံဆိပ်ပေးပွဲ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

တပ်ချုပ်ရဲ့ ပြောစကားကြောင့် စိတ်မကောင်း ဖြစ်ရပြီး တိုင်းရင်းသား ခေါင်းဆောင် တွေက အမြင်ကျယ်လို့ သာလျှင် ငြိမ်းချမ်းရေး အတွက် ကြိုးစားနေကြတာ ဖြစ်တယ်လို့ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ် က ပြောပါတယ်။

မြန်မာ နိုင်ငံ လွတ်လပ်ရေး မရခင် ကာလမှာ တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းစွာ နေထိုင် ခဲ့ကြသူများ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လွတ်လပ်ရေး နဲ့ အတူတကွ ဖြစ်လာရတဲ့ ပြည်တွင်း တိုက်ပွဲ တွေကို စပြီး တိုက်ခိုက် ခဲ့သူတွေက ဘယ်သူလဲ၊ ငြိမ်းချမ်းရေး ကို ပျက်ပြားအောင် လုပ်တာ ဘယ်သူလဲ ဆိုတာ တွေကို လေ့လာသင့်တယ်လို့ ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး ကို မတည်ဆောက် နိုင်ခဲ့တဲ့၊ အထူးသဖြင့် တိုင်းရင်းသား တွေနဲ့ ပတ်သက်လို့ အဲဒီ အချိန်ကာလ တုန်းက တာဝန်ရှိ တဲ့ အစိုးရက တိုင်းရင်းသား အစိုးရ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ပါလီမန် ဒီမိုကရေစီ ခေတ်က ဗမာ အစိုးရ ရဲ့ အမြင်ကျဉ်းမြောင်းမှု ကြောင့် တိုင်းရင်းသားတွေ နဲ့ ငြိမ်းချမ်းရေး တည်ဆောက်လို့ မရတဲ့ ကိစ္စ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တိုင်းရင်းသားတွေ ဘက်က စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို လိုချင်တဲ့ အတွက်ကြောင့် တိုက်ပွဲဝင်နေရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ချင်းတိုင်းရင်းသား၊ ကရင် တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေး အလားအလာ က ကောင်းမွန် နေပြီး ကချင် နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အမြင်ကျဉ်း တယ်လို့ ပြောလို့ မရဘူးလို့လည်း သူ က ပြောပါတယ်။

တိုင်းရင်းသား တွေ အနေနဲ့ နောက်ခံ သမိုင်းကြောင်း မတူတဲ့ အတွက် အားလုံး ကို ခြုံပြီးပြောလို့လည်း မရဘူးလို့ သူက ဆိုပါတယ်။

အခုလောလောဆယ် အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့ ကလည်း အကောင်းဆုံး အခြေအနေ ကို ဖန်တီး ခဲ့တာ ဖြစ်တယ်လို့လည်း ပူးဇိုဇမ် က ပြောပါတယ်။

အခြား ဒေသတွေမှာ စစ်ပွဲ ဖြစ်တာ သိပ်မရှိဘဲ၊ ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်း တွေမှာ တိုက်ပွဲတွေ အဓိက ဖြစ်နေရတာကလည်း တိုင်းရင်းသားတွေက ယုံကြည် စိတ်ချ တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမယ်ဆိုရင် အဆင်ပြေ နိုင်တယ်လို့ သူက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။