NLDရဲ့ ပြည်နယ်နဲ့ မြို့နယ်ဥက္ကဌ ၂ဦးကို ပါတီက အရေးယူ

ဓာတ်ပုံ မူပိုင် EPA
Image caption ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာလည်း ပါတီစည်းကမ်းဖောက်ဖျက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးယူတာတွေ ရှိခဲ့

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အချိန်မီ စာရင်းပေးဖို့ ပျက်ကွက် ခဲ့တဲ့အတွက် ကယားပြည်နယ် NLD ဥက္ကဌ ဒေါ်ခင်စည်သူနဲ့ ဖရူဆိုမြို့နယ် NLDဥက္ကဌတို့ကို အရေးယူဖို့ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ နဲ ့ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကလွဲပြီး ကျန်တဲ့ ဗဟိုအလုပ်အမှုဆောင်အားလုံး တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် တိုင်ကြားမှုတွေကြောင့် ပါတီက စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌတို့ ကိစ္စကိုလည်း ဒီ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ကို စုံစမ်း စစ်ဆေးမှုနဲ့ ပတ်သက်ပြီး အရေးယူဖို့ ကိစ္စဟာ နိုင်ငံတော် သမ္မတကသာ ဆုံးဖြတ်နိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီကိစ္စအတွက် အစီအရင်ခံစာကို နိုင်ငံတော် အတိုင်ပင်ခံရုံးကို တင်ပြထားပြီး တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဌတွေ ကိစ္စကိုတော့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးသပ်ရေး အဖွဲ့ဝင်တွေက ကိုယ်တိုင် သွားရောက်မေးမြန်းမှုတွေ လုပ်မယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ လူမှုရေး ဖောက်ပြန်မှုတွေ ရှိနေတယ်ဆိုပြီး တိုင်ကြားခံထားရတာ ဖြစ်သလို တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌတို့ဟာလဲ တင်ဒါကိစ္စနဲ့ ပတ်သတ်လို့ တိုင်ကြားခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာလည်း ပါတီစည်းကမ်းဖောက်ဖျက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးယူတာတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ