ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စလီ ဒီနေ့ ရောက်မယ်

Image caption ရခိုင်နဲ့ ကချင် ပြည်နယ်တွေထဲ သွားမယ်

ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ အတွက် လူ့ အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် ယန်ဟီးလီ ဟာ မြန်မာ နိုင်ငံကို ဒီကနေ့ ဇန်နဝါရီ ၉ ရက် နေ့မှာ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂ဝ ရက် နေ့ အထိ ကြာမြင့်မယ့် အခု ခရီးစဉ်ဟာ မစ္စ လီ ရဲ့ ၅ ကြိမ်မြောက် မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်ပြီး၊ နိုင်ငံတွင်း လူ့ အခွင့်အရေး အခြေအနေ တွေနဲ့ ပတ်သက်တဲ့ သတင်း အချက် အလက် တွေကို စုဆောင်း ဖို့ လာရောက်တာ ဖြစ်ပါတယ်။

ဒီ တစ်ခေါက် ခရီးစဉ် မှာ မစ္စလီ ဟာ တိုက်ပွဲတွေ ရှိနေခဲ့တဲ့ ကချင် ပြည်နယ် ထဲ သွားရောက်မှာ ဖြစ်သလို၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့ တွေ အနေနဲ့ အင်အား အလွန်အကျွံ သုံးစွဲပြီး နယ်မြေ ရှင်းလင်းရေး တွေ လုပ်ဆောင် ခဲ့တယ် ဆိုပြီး အဝေဖန် ခံနေရတဲ့ ရခိုင် ပြည်နယ် ထဲကိုလည်း သွားရောက်ဖို့ စီစဉ် ထားပါတယ်။

မစ္စလီ သွားရောက်ဖို့ စီစဉ် ထားတဲ့ မြို့တွေဟာ ကချင် ပြည်နယ် ထဲ မှာဆိုရင် မြစ်ကြီးနား၊ ဖားကန့် နဲ့ လိုင်ဇာ မြို့တွေ ဖြစ်ပြီး၊ ရခိုင် ပြည်နယ် ထဲ မှာတော့ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော ဒေသ တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက သတင်း ထုတ်ပြန် ပါတယ်။

မစ္စလီဟာ မြေပြင်က လူ့ အခွင့်အရေး လက်တွေ့ အခြေအနေ တွေ အပြင်၊ ကဏ္ဍ အသီးသီးမှာ အစိုးရ ရဲ့ လုပ်ဆောင်ချက် တွေဟာ နိုင်ငံတကာ လူ့ အခွင့်အရေး စံနှုန်းကိန်း တွေနဲ့ ကိုက်ညီရဲ့လား ဆိုတာကိုပါ လေ့လာ သွားမှာ ဖြစ်တယ် ဆိုပြီး ညီမျှခြင်း မြန်မာ အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

အစိုးရ သစ် လက်ထက်မှာ ဥပဒေ ပိုင်း ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု တချို့ကို ဖော်ဆောင် နိုင်ခဲ့ ပေမယ့်၊ လက်နက်ကိုင် ပဋိပက္ခ တွေ ရှိနေကြတဲ့ ကာလတွေ အတွင်း ကျူးလွန် ကြတဲ့ လူ့ အခွင့်အရေး ချိုးဖောက် မှုတွေနဲ့ ရခိုင် ပြည်နယ် အခြေအနေ တွေ မှာတော့ အစိုးရ အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် နိုင်တာ မရှိဘူး ဆိုပြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

မစ္စ ယန်ဟီးလီဟာ အခု ခရီးစဉ် အတွင်း သူ့ရဲ့ တွေ့ရှိချက် တွေကို ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီထံ လာမယ့် မတ်လထဲ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ