သောင်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး ရောက်ရှိလာသူများ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဇီနာနဲ့ မြန်မာ အထူးကိုယ်စားလှယ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံကြားမှာ လုံခြုံရေးကိစ္စ တရားမဝင် ဖြတ်ကျော်မှု ကိစ္စတွေကို ဖြေရှင်း ဆောင်ရွက်နိုင်ဖို့ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးကို သဘောတူခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ် အလီက ပြောပါတယ်။

မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ သူအပါအဝင် ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ကြတဲ့ တွေ့ဆုံဆွေးနွေးမှု အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ဘက်ကနေ ဝင်လာတဲ့ ရိုဟင်ဂျာတွေ စုစုပေါင်း ၆၅၀၀၀ လောက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ အဲဒီ ၆ သောင်းခွဲလောက်အနက်မှာ သုံးပုံတပုံ လောက်ဟာ ပြီးခဲ့တဲ့ တပတ်လောက် အတွင်းမှာ ရောက်လာကြတာ လို့လည်း ဆိုပါတယ်။

ဆွေးနွေးကြရာမှာ အဲဒီလို ထွက်ပြေး ရောက်ရှိလာကြတဲ့သူတွေကို ပြန်ခေါ်ဖို့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလောလောဆယ် ဝင်လာတဲ့သူ အရေအတွက် ၆ သောင်းခွဲရှိတယ်လို့ ပြောသလို အဲဒီမတိုင်ခင်ကတည်းက ရောက်နေတဲ့သူတွေလည်း အများအပြားရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ဘက်ကဆိုပါတယ်။ မှတ်ပုံတင်ထားသူ အရေအတွက် ၃၃၀၀၀ ရှိပြီး မှတ်ပုံတင် မထားရသေးသူက ၃ သိန်းရှိတယ်လို့ ဆိုပါတယ်။

ရခိုင်မွတ်ဆလင်တွေ အပေါ်မှာ ခွဲခြားဆက်ဆံ နေတာတွေကို ရပ်တန့်ပေးပါလို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က တိုက်တွန်းပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီ ပြောတာကတော့ ရခိုင်မူဆလင်တွေအပေါ်မှာ ခွဲခြားဆက်ဆံ နေတာတွေကို ရပ်တန့်ဖို့သိပ်အရေးကြီးပါတယ်။ အဲသလို ရပ်တန့်မှသာ သူတို့ရဲ့ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်မှာပါ။ အဲသလိုမဟုတ်ရင်တော့ ပြန်ပို့လိုက်တဲ့ လူတွေဟာ နောက်တခါထပ်ပြီး ထွက်ပြေး လာကြဦးမှာပါလို့ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မကြာခင်က ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံဘက်ကနေ လူတွေ အများအပြား ဆက်တိုက် ဝင်ရောက်လာတဲ့ အပေါ်မှာ စိုးရိမ်ပူပန်ကြောင်း ပြောခဲ့ပါတယ်။ အဲသလိုပြောပြီးနောက်မှာ မြန်မာဘက်က အထူးကိုယ်စားလှယ်အဖြစ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကို စေလွှတ်ခဲ့ပြီး အခုလို ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲကနေ ရိုဟင်ဂျာတွေ အများအပြား ထွက်ပြေးနေကြတဲ့ အရေးကို အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

အဲဒီ အစည်းအဝေကို ဇန်းနဝါရီလ ၁၉ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံပေါင်း ၅၆ နိုင်ငံ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ