ထိုင်း မြန်မာနယ်စပ်မှာ ဘိန်းစိုက်ခင်းတွေ တွေ့

ဓာတ်ပုံ ရင်းမြစ်, ALFREDO ESTRELLA
အရင်လုပ်စားနေတဲ့ စီးပွားရေးလုပ်ငန်းတွေ မရှိတော့လို့ ဘိန်းစိုက်တဲ့ဘက် လှည့်သွားကြတာလို့ ဆို
ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ တာခ်ခရိုင်ထဲမှာ အရင်နှစ် တွေထက် ဘိန်းစိုက်ပျိုးတာ ပိုများလာလို့ ထိုင်းစစ်တပ်၊ ဒေသအုပ်ချုပ်ရေးဌာန၊ ပြည် သူ့စစ်တွေနဲ့ပါ ပူးပေါင်းပြီးရှာဖွေ ဖျက်ဆီးနေရပါတယ်။
အခုနှစ် ဆောင်းဦးပေါက် ခြောက်သွေ့ရာသီမှာ ထိုင်းစစ်တပ်ဟာ ထိုင်းနိုင်ငံ တာခ်ခရိုင်ရဲ့ နယ်စပ်တလျှောက် လုံခြုံရေးအတွက် ကင်းလှည့်ရာက တောတောင်လျှိုမြောင် တွေကြားမှာ ဘိန်းခင်းတွေကို တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
အခုနှစ်တွေ့တဲ့ ဘိန်းခင်းတွေဟာ အရင်နှစ်တွေကတွေ့ခဲ့ရသလို လို အနည်းအကျဉ်း စိုက်ထားတာ မျိုးမဟုတ်ပဲ၊ စိုက်ကွက်ကြီးတွေ အနေနဲ့ တွေ့ရတယ်လို့ မဲဆောက်အခြေစိုက် အမှတ် ၁၄ ဒေသဆိုင်ရာတပ်ရဲ့ တပ်မှူး ဗိုလ်မှူးကြီး ကစ်တီဖုန်ချင့်ကျိုင်းချွန်က ပြောပါတယ်။
တာခ်ခရိုင်ထဲက ဖုဖ်ဖရနဲ့ အုန်းဖန်အပြင် ထာ့ဆောင်းယန်မြို့နယ်တွေမှာလည်း လျှို့ဝှက်စိုက်ပျိုးကြတာရှိတယ်။ အခုနှစ် ဆောင်းဦးပေါက် အစမှာပဲ တွေ့ရတာက အရင်နှစ်တွေထက်ပိုများတယ်လို့ သူကပြောပါတယ်။
ထိုင်း မြန်မာနယ်စပ်မှာ အရင်တုံးက လူမျိုးစုတွေရဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် တွေရှိတဲ့အတွက် ကျွဲ၊ နွား၊ တိရိစ္ဆာန်၊ စိုက်ပျိုးရေးထွက်ကုန်၊ သစ်ထုတ်လုပ်ငန်းတွေ အပြင်၊ ထိုင်းကုန်ပစ္စည်း ကူးသန်းရောင်းဝယ်ရာ ဒေသတွေဖြစ်ခဲ့ပါတယ်။
အခုမြန်မာနိုင်ငံက အရင်လို မှောင်ခိုစီးပွားရေးမဟုတ်ပဲ တရား၀င်ကုန်သွယ်ရေးကို လုပ်လာနိုင်ပြီး၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ကလည်း ငြိမ်းချမ်းရေးယူပြီး၊ ပြည်တွင်းမှာ တရား၀င် စီးပွားရေး လုပ်ငန်းတွေကို ထူထောင်လာကြတာတွေကြောင့်၊ ဒီနယ်စပ်ဒေသတွေက မှောင်ခိုစျေးကွက်တွေဟာ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပါတယ်။
ဒါကြောင့် နယ်စပ်တွေမှာ နေထိုင်ကြသူတွေဟာ ၀င်ငွေ ကောင်းတဲ့၊ ဘိန်းစိုက်တဲ့ လုပ်ငန်းတွေဖက်ကို လှည့်သွားရတာ ဖြစ်တယ်လို့ နယ်စပ်အရေး လေ့လာသူ တွေကပြောပါတယ်။
ဗီဒီယို, ဘိန်းစိုက်ပျိုးမှု နဲ့ ဘိန်းစိုက်တောင်သူတွေဘဝရပ်တည်ရေး
မြန်မာနိုင်ငံမှာ ဘိန်းစိုက်တောင်သူတွေဟာ သူတို့ ဘဝ ရပ်တည်နိုင်ရေးအတွက် ဝင်ငွေအများအမြားရရှိတဲ့ ဘိန်းစိုက်ပျိုးမှုကို မစွန့်လွှတ်နိုင်သေးတာကြောင့် မူးယစ်ဆေးဝါးကို အမြစ်ပြတ်နှိမ်နင်းနိုင်ရေးမှာ အခက်အခဲတွေရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး ဌာနေကိုယ်စားလှယ်က ပြောပါတယ်။