မစ္စ ရန်ဟီးလီနဲ့ မြန်မာ လူ့ အခွင့်အရေး ကော်မရှင် တွေ့ဆုံ

Image caption မစ္စလီနဲ့ ဦးဝင်းမရ ဦးဆောင်တဲ့ မြန်မာ လူ့ အခွင့်အရေး ကော်မရှင် တွေ့။

မြန်မာ နိုင်ငံရဲ့ လူ့ အခွင့်အရေး အခြေအနေ တွေကို စုံစမ်း လေ့လာဖို့ ကုလသမဂ္ဂက စေလွှတ်တဲ့ အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ မြန်မာ နိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကောင်မရှင် နဲ့ ရန်ကုန်မှာ ဒီကနေ့ ဇန်နဝါရီ ၃ ရက် သောကြာ နေ့ မနက်ပိုင်းက တွေ့ဆုံ ခဲ့ပါတယ်။

ရခိုင်ပြည်နယ် နဲ့ ကချင် ပြည်နယ် တွေမှာ ဖြစ်ပေါ် နေတဲ့ လူ့ အခွင့်အရေး အခြေ အနေတွေကို မြန်မာ့ လူ့ အခွင့်အရေး ကော်မရှင် အနေနဲ့ သီးခြား လေ့လာ စုံစမ်း တာမျိုး တွေ မပြုလုပ် ဘူးလား ဆိုပြီး မစ္စ ယန်ဟီးလီက မေးမြန်း ခဲ့တယ်လို့ မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမရက ဘီဘီစီကို ပြောပါတယ်။

ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ရေးရာ အကြံပေး ကော်မရှင် ထဲမှာ မြန်မာ လူ့ အခွင့်အရေး ကော်မရှင်က နှစ်ယောက် ပါဝင် နေသလို၊ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသ အဖြစ်အပျက် တွေ စုံစမ်းရေး ကော်မရှင် ထဲမှာလည်း လူ့ အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တစ်ယောက် ပါဝင် နေတဲ့ အတွက် လူ့ အခွင့်အရေး ကော်မရှင် အနေနဲ့ သီးခြား ဆောင်ရွက်တာမျိုး မရှိခဲ့ဘူး လို့ တုံ့ပြန် ခဲ့ကြောင်း ဦးဝင်းမရက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခ တွေ ရှိနေတဲ့ ကချင် ပြည်နယ် ထဲက လူ့ အခွင့်အရေး အခြေအနေတွေကို လတ်တလော ကွင်းဆင်း လေ့လာတာမျိုး ရှိ မနေပေမယ့်၊ အရင်ကတော့ သွားရောက် စုံစမ်း ခဲ့ပြီး သတင်း ထုတ်ပြန် တာမျိုး ၃-၄ ကြိမ် ပြုလုပ် ခဲ့ဖူးတယ်လို့ မစ္စ ယန်ဟီးလီကို ပြောပြ ခဲ့တယ်လို့ ဦးဝင်းမရ က ဆိုပါတယ်။

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ယန်ဟီးလီ အနေနဲ့ လူ့ အခွင့်အရေး အခြေ အနေနဲ့ပတ်သက်ရင် ထိုးနှက် ဝေဖန်ထက် ဘက်က အားသာသူ ဖြစ်တယ်လို့ ဦးဝင်းမရက သုံးသပ် ပါတယ်။

မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ကော်မရှင် အနေနဲ့ အစိုးရရဲ့ သဘောထား အာဘော် အတိုင်း အလိုက်သင့် လုပ်ဆောင်တဲ့ အဖွဲ့ မဟုတ်ပဲ လွတ်လွတ်လပ်လပ် ပြုမူ တဲ့ အဖွဲ့ ဖြစ်တယ်လို့ ဦးဝင်းမရက ပြောသလို၊ အခြေအနေ မှန်တွေကို မြန်မာ ဘက်ကလည်း နိုင်ငံတကာကြား ရောက်အောင် ပိုပြီး ပြောဆို ရေးသား ဆောင်ရွက်ဖို့ လိုတယ်လို့ ဦးဝင်းမရက ပြောပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီး ဟာ မြန်မာ နိုင်ငံကို ၅ကြိမ် မြောက် ရောက် ရောက်ရှိ နေပြီး၊ ကချင် ပြည်နယ် ခရီး စဉ် အပြီး ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ရခိုင် ပြည်နယ် မြို့တော် စစ်တွေကို သွားဖို့ စီစဉ် ထားပါတယ်။

ကချင် ပြည်နယ် ခရီးစဉ် အတွင်း မှာတော့ လုံခြုံရေး အခြေအနေ အရ လိုင်ဇာနဲ့ ဖားကန့် ဒေသတွေကို မစ္စလီ သွားရောက်ခွင့် မရ ခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ