မစ္စ ယန်ဟီးလီ မောင်တောဒေသခံတွေနဲ့ သီးသန့်တွေ့

ဓာတ်ပုံ ရင်းမြစ်, EPA
မနေ့ကလည်း မစ္စ ယန်ဟီးလီဟာ ဘူးသီးတောင်ထောင်က မူဆလင်အကျဉ်းသားတွေကို သွားရောက် တွေ့ဆုံခဲ့
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် မောင်တောဒေသက ကျေးရွာတွေမှာ ဒေသခံတွေနဲ့ တနင်္ဂနွေနေ့က သီးသန့် တွေ့ဆုံခဲ့ပါတယ်။
မစ္စယန်ဟီးလီဟာ စိန်ပန်းမြိုင်ရွာ၊ ငခူရနဲ့ ဝါးပိတ်ရွာ၊ ငစကျူး၊ ဦးရွှေကျားရွာနဲ့ ကြက်ရိုးပြင်ရွာတွေကို သွားရောက်ခဲ့ပြီး အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုမပါပဲ ဒေသခံတွေနဲ့ စကားပြန်ကတဆင့် သီးခြား တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီရွာတွေထဲက စိန်ပန်းမြိုင်ရွာဟာ ကျောင်းဆရာတဦး သေနတ်ပစ်ခံခဲ့ရတဲ့ ရွှေဗဟို ကျေးရွာနားက မြိုတိုင်းရင်းသား ရွာတရွာဖြစ်ပြီး ငခူရရွာရဲ့ နယ်ခြားစောင့်ရဲစခန်းဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလက ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ခံရမှုမှာ ပါဝင်ခဲ့တဲ့ စခန်းလည်းဖြစ်ပါတယ်။
ဒီဒေသမှာ နောင်တချိန် ပြဿနာ ပြန်မဖြစ်အောင်နဲ့ လူမျိုးနှစ်မျိုး ရေရှည် အတူ ယှဉ်တွဲ နေထိုင်ဖို့အတွက် မစ္စ ယန်ဟီးလီရဲ့ ခရီးစဉ်က ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဒေသခံ မူဆလင်တဦးက ပြောပါတယ်။
မနေ့ကလည်း မစ္စ ယန်ဟီးလီဟာ ဘူးသီးတောင်ထောင်က မူဆလင်အကျဉ်းသားတွေကို သွားရောက် တွေ့ဆုံခဲ့ပေမယ့် စကားပြန်တယောက်နဲ့ပဲ သီးသန့် ဝင်ရောက်ခဲ့တဲ့အတွက် ဘာတွေမေးမြန်းခဲ့သလဲဆိုတာ မသိရဘူးလို့ ဒေသခံ သတင်းထောက်တယောက်က ပြောပါတယ်။
တနင်္လာနေ့မှာတော့ မစ္စယန်ဟီးလီက စစ်တွေက ဒုက္ခသည်စခန်းတွေကိုသွားရောက်ပြီး ညနေပိုင်းမှာ ရန်ကုန်ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။