ပြည်မြို့ တမန်တော်နေ့ ပွဲကို လာရောက် ပိတ်ပင်

ဓာတ်ပုံ မူပိုင် Salai Kaung Myat Min
Image caption ပြည်မြို့ တမန်တော်နေ့ ပွဲပျက်

ပြည်မြို့မှာ အစ္စလာမ် ဘာသာဝင်တို့ ကျင်းပဖို့ စီစဉ် ထားတဲ့ တမန်တော် နေ့ အခမ်းအနားကို လက်ျာစွန်း အမျိုးသားရေး ဝါဒီတွေက လာရောက် ပိတ်ပင် တားဆီး ခဲ့လို့ ပွဲ မကျင်းပ ဖျက်သိမ်း ခဲ့ရပါတယ်။

ဇန်နဝါရီလ ၁၅ ရက် ၊ စနေနေ့ မနက်ပိုင်းက ကျင်းပဖို့ စီစဉ် ထားတဲ့ ပလီ ဝတ်ကျောင်းတော် အရှေ့ ကား အစင်း ရေ ၁၅ စီး ဝန်းကျင် ရောက်လာ ခဲ့ကြပြီး စာရွက် စာတမ်း တွေ ဝေတာမျိုး လုပ် လာ ခဲ့ကြပါတယ်။

ပလီ ဝတ်ကျောင်း အနောက်ဘက် ရွှေတချောင်းလမ်း မှာလည်း နောက်ထပ် ကား ၁ဝ စင်း လောက် ရပ်ထား သလို၊ ရန်ကုန် ဘက်က နေ ဆင်းလာတဲ့ နောက်ထပ် ကားတွေ လည်း ပြည်မြို့ အနီး ထိ ရောက်လာပြီ ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် လာပါတယ်။

ရဲ လုံခြုံရေး တွေ ရှိနေ ပေမယ့်လည်း တားဆီးတာမျိုး မရှိခဲ့သလို၊ မွတ်ဆလင် တွေ ဘက်က ပွဲကို ဖျက်သိမ်း လိုက်တယ်လို့ ပြောခဲ့ပြီး နောက်ပိုင်းမှာကို နှောင့်ယှက်သူတွေဟာ ပလီဝင်းထဲ အထိ ဝင်ကြည့် တာတွေ၊ ဘာသာရေး အလံကို ဖြုတ်ချ ခိုင်းတာတွေ ပြုလုပ် ခဲ့တယ်လို့ ကိုယ်တွေ့ ကြုံခဲ့ ရသူတွေက ဆိုပါတယ်။

အလံ ဖြုတ်ချ ဖို့ တောင်းဆိုချက် ပြည့်မြောက် ခဲ့ပြီး နောက်မှာတော့ အဲဒီသူ တွေဟာ အောင်ပွဲခံ တဲ့ ပုံစံ မျိုးတွေ ပြုလုပ်ပြီး ထွက်ခွာ သွားကြတယ်လို့ ဆိုပါတယ်။

အာဏာပိုင် တွေ ဆီက ပွဲမိန့် ရရှိ ထားတဲ့ အဲ ဒီ အခမ်းအနားကို ကျင်းပခွင့် ရုပ်သိမ်းဖို့ အကြို တစ်ရက် ကတည်းက မျိုးချစ် ပရဟိတ အဖွဲ့ ဆိုတဲ့ အုပ်စုက မြို့နယ် အာဏာပိုင် ရုံးကို သွားရောက် တောင်းဆို မှု တွေ လုပ်ခဲ့ကြ ပါတယ်။

ပြည်မြို့မှာ နှစ်စဉ် ကျင်းပ ခဲ့တဲ့ အစဉ်အလာ ရှိခဲ့တဲ့ တမန်တော် နေ့ အခမ်းအနားကို အဲဒီလို ကန့်ကွက်မှု တွေ ရှိလာတဲ့ အတွက် နာရီဝက် လောက် အကျဉ်းချုံး ကျင်းပပြီး အကျွေးအမွေး အစီအစဉ် သာ ပြောင်းလဲ လုပ် ဆောင်ဖို့ မြို့နယ် အာဏာပိုင် တွေက ခွင့်ပြုမိန့်ကို ပြင်ဆင် ထုတ်ပြန် ခဲ့ပါတယ်။

ဒါပေမယ့် ကျင်းပမယ့် ရက် ရောက်လာ တဲ့အခါ ပလီဝတ်ကျောင်း ရှေ့ ကားတွေ ရောက်လာ ပြီး ထိပ်တိုက် ရင်ဆိုင်မယ့် အန္တရာယ် ပေါ်ပေါက် လာတဲ့ အတွက် ပွဲကို လုံးဝ ဖျက်သိမ်း လိုက်ရတာ ဖြစ်တယ် ဆိုပြီး ပြည်ခရိုင် ဘာသာရေး အဓိကရုဏ်း တားဆီးရေး ကွန်ရက် က ဘီဘီစီကို ပြောပါတယ်။

အခု ရက်ပိုင်း တွေ ထဲမှာပဲ ရန်ကုန် အပါအဝင်နေရာ တချို့မှာ အမျိုးသားရေး အင်အားစု တွေ ဆိုတဲ့ နာမည်အောက် လှုပ်ရှား နေသူ တွေက အစ္စလာမ် ဘာသာဝင် တို့ရဲ့ တမန်တော် မိုဟာမက် မွေးနေ့ အထိမ်းအမှတ် ကျင်းပ ကြတဲ့ အခမ်းအနားတွေကို လိုက်လံ ပိတ်ပင် ဟန့်တား တာမျိုးတွေ ပြုမူ လာကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ