မြန်မာ့ တောဆင် တွေ အသတ် ခံနေ ရတာတွေကို ပိုပြီး ကာကွယ်ဖို့ လို

တောဆင်ရိုင်းတွေ အသတ် ခံနေ ရ
မြန်မာ့ တောရိုင်းဆင် တွေ သတ်ဖြတ်ခံ နေရပြီး၊ ဆင်စွယ် အပါအဝင် ဆင် အစိတ် အပိုင်းတွေကို ထိုင်းနဲ့ တရုတ် အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီ ရောင်းချ နေတာ တွေကို တားဆီး နိုင်ရေး အတွက် တိုးမြှင့် ဆောင်ရွက် ဖို့ လိုအပ် နေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ပြောပါတယ်။
တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ သဘာဝ တောဆင်ရိုင်း ကောင်ရေ ၂ ထောင်က နေ ၃ ထောင် ကြားထိ ရှိနေ တယ်လို့ ခန့်မှန်း ထားပါတယ်။
ပြီးခဲ့တဲ့ ၆ နှစ်တာ ကာလ အတွင်း ဆင်သတ်ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ သိရှိ ထားရသမျှ ကောင်ရေ ၁၃၃ ကောင် သေဆုံး ခဲ့ရပြီး ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း တွေ ထဲမှာ တောဆင်ရိုင်းတွေ အများဆုံး အသတ် ခံနေ ရတယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။
လက်ရှိ သက်ဝင် နေတဲ့ ၁၉၉၄ ခုနှစ် ဥပဒေ အရ ဆင်ရိုင်း တွေကို ထိန်းသိမ်းဖို့ အကာအကွယ် ပြုထား ပေမယ့်လည်း ခေတ်နဲ့ အညီ ဖြစ်အောင် ဥပဒေကြောင်း ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု တွေ လုပ်ဆောင်ဖို့ ကြိုးစား နေတယ် ဆိုပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီး ဌာနရဲ့ ညွှန်ကြားရေးမှူး ဉီးဝင်းနိုင်သော်က ဘီဘီစီကို ပြောပါတယ်။
ဇန်နဝါရီလ ၁၆ ရက် တနင်္လာ နေ့ကပဲ နေပြည်တော်မှာ သက်ဆိုင်ရာ မြန်မာ အာဏာပိုင် အဖွဲ့အစည်း တွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အင်ဂျီအိုတွေ ပူးပေါင်းပြီး မြန်မာ့ဆင်တွေ ထိန်းသိမ်းရေး အတွက် လုပ်ငန်း စီမံချက်တွေ ရေးဆွဲဖို့ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ် ခဲ့ကြ ပါတယ်။