ဒေါ်စုနဲ့ မစ္စယန်ဟီးလီတွေ့ဆုံ

ဓာတ်ပုံ မူပိုင် Ministry of Foreign Affairs Myanmar
Image caption မောင်တောမှာ လုံခြုံရေး တပ်ဖွဲ့တွေ တိုက်ခိုက် ခံရမှုကို ယန်ဟီးလီ ရှုတ်ချ

ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စ ယန်ဟီးလီက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ လူ့အခွင့် အရေးကိစ္စ၊ တည်ဆဲ ဥပဒေတွေကို နိုင်ငံတကာ စံနှုန်း တွေနဲ့ အညီ ပြန်လည်သုံးသပ် ဖို့တို့ အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အခြေ အနေနဲ့ ရခိုင်ပြည်နယ် အတွင်း လူ့ အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပိုပေးရေး တို့ကို ဆွေးနွေး ခဲ့ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးရုံးက သတင်း ထုတ်ပြန်ထား ပါတယ်။

ဒါ့အပြင် မောင်တော ဒေသက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှု တွေကို မစ္စ ယန်ဟီးလီက အပြင်းအထန် ရှုတ်ချတယ် လို့လည်း ဆိုပါတယ်။

နောက်ပိုင်းမှာ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော စုံစမ်းရေး ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

မစ္စယန်ဟီးလီက သူတို့ ကော်မရှင်ရဲ့ စုံစမ်း တွေ့ရှိချက် အခြေ အနေနဲ့ စုံစမ်း စစ်ဆေးရာမှာ ဘယ်လို နည်းနာတွေ သုံးခဲ့တယ် ဆိုတာ မေးခဲ့တယ်လို့ အဲဒီ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ ကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည်က ပြောပါတယ်။

ကော်မရှင် ဘက်ကတော့ သူတို့ သိထားတဲ့ ဖြစ်စဉ် အသေးစိတ်ကို ပြန်ရှင်းပြ ခဲ့ပြီး တချို့ စွပ်စွဲပြောဆိုမှု တွေဟာ မမှန်ကန်တဲ့ အကြောင်း ကြက်ရိုးပြင် ရွာမှာ အမျိုးသမီး တချို့ အဓမ္မ ပြုကျင့် ခံရတယ် ဆိုတဲ့ စွပ်စွဲချက်ကို ဥပမာပေး ပြန်ပြောပြ ခဲ့တယ် လို့လည်း ဦးအောင်ကြည်က ပြောပါတယ်။

မစ္စစ်ယန်ဟီးလီက ကော်မရှင်ကို ကူညီဖို့ အသင့် ရှိတယ်လို့ ပြောခဲ့ကြောင်းလည်း ဦးအောင်ကြည်က ပြောပါတယ်

ဒါပေမဲ့ အစိုးရက ဖွဲ့စည်းပေး ထားတဲ့ ကော်မရှင် ဖြစ်လို့ လွတ်လပ်မှု ရှိပါမလား ဆိုပြီး စိုးရိမ်သူတွေ ရှိနေကြ သလို နိုင်ငံတကာ ပါဝင်တဲ့ လွတ်လပ်တဲ့ ကော်မရှင် တစ်ခုဖွဲ့ပေးဖို့ တောင်းဆိုမှု တွေလည်း ရှိနေပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ မစ္စစ်ယန်ဟီးလီက တပ်တော်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဥပဒေရေးရာနဲ့ အထူးကိစ္စ ရပ်များ ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် လွှတ်တော်ထဲက ကော်မရှင် ဥက္ကဌတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ