အစိုးရအဖွဲ့ဝင်နဲ့အမတ် တွေရဲ့ လုပ်ဆောင်ချက် NLD စိစစ်မယ်

ဦးဝင်းထိန်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

လေ့လာစိစစ်ရေးအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ခေါင်းဆောင်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်ဒီ) ပါတီက ဦးဆောင်တဲ့ လွှတ်တော်ရဲ့ သက်တမ်းဟာ တစ်နှစ်ပြည့်ဖို့ရက်ပိုင်းသာ လိုတော့သလို အဲန်အယ်ဒီ အစိုးရရဲ့ သက်တမ်းကလည်း ၉ လ နီးပါး ရှိလာပါပြီ။ ဒီလိုဖြတ်သန်းခဲ့တဲ့ကာလအတွင်း လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာစိစစ်မယ့် အဖွဲ့ကို ဇန်နဝါရီလ ၁၉ ရက်နေ့က ဖွဲ့စည်း လိုက်ပါတယ်။

အဖွဲ့ခေါင်းဆောင်အဖြစ် ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ အဖွဲ့ဝင်တွေ အဖြစ် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးညွန့်၊ ဦးတင်ထွဋ်ဦး နဲ့ဒေါ် လဲ့လဲ့တို ပါဝင်ပါတယ်။

အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ချက်တွေဟာ ရွေးကောက်ပွဲ မတိုင်ခင်က ထုတ်ပြန်ခဲ့တဲ့ အဲန်အယ်ဒီရဲ့ ကြေညာစာတမ်းနဲ့ ဘယ်လောက်ကိုက်ညီမှုရှိသလဲ၊ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုရှိသလဲ၊ လိုအပ်ချက်တွေ ရှိနေသလားဆိုတာကို လေ့လာဆန်းစစ်မှာ ဖြစ်တယ်လို့ အဖွဲ ခေါင်းဆောင်ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေကို သမ္မတနဲ့နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမှာဖြစ်ပြီး လွှတ်တော်နဲ့ပတ်သက်တဲ့ လူတွေကိုတော့ လွှတ်တော်က အရေးယူ ဆောင်ရွက်မှာ ဖြစ်သလို ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်တွေ ကိုတော့ သမ္မတ နဲ့ဒေါ်အောင်ဆန်းစုကြည်တို့က အရေးယူမှာဖြစ်တယ်လို ဦးဝင်းထိန်ကပြောပါတယ်။

ဒီအဖွဲ့ရဲ့ လေ့လာသုံးသပ်မှုကတွေ့ရှိချက်တွေကိုလည်း အပြင်ကို ထုတ်ပြန်မှာ မဟုတ်ပဲ ပါတီတွင်း ကိစ္စ အဖြစ်သာ ထားရှိသွားမယ်လို့ ဦးဝင်းထိန်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ ၉ လတာ ကာလအတွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ သိသာတဲ့ မူဝါဒတွေတွေ့ရပေမဲ့ စီးပွါးရေးအပိုင်းမှာတော့ ကျဆင်းသွားတာတွေ့ရပါတယ်။ တစ်နှစ် သက်တမ်းရှိတဲ့ လွှတ်တော်ဟာလဲ ဥပဒေပြုရေး အပိုင်းမှာ အားနည်း နေသေးတယ်လို့လည်း လေ့လာသူ တချို့က ဝေဖန်ထောက်ပြတာ တွေ ရှိပါတယ်။

အခုလိုဖြစ်ရတာဟာ အစီအစဉ် ရေးဆွဲတဲ့ အပိုင်းမှာ လိုအပ်ချက်တွေရှိသလို လူမှန် နေရာ မှန်မဖြစ် တာတွေလည်း ပါတယ်လို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်။