ရန်ကုန်-နေပြည်တော်လမ်း ယာဉ်မီးလောင်မှု ၈ ဦးသေ

ဓာတ်ပုံ ရင်းမြစ်, MyanmarHighwayPolice
မိုင်တိုင် ၄ မိုင် ၂ ဖာလုံနေရာမှာ ကားက လမ်းလယ်ကျွန်း အလူမီနီယံတန်းကို တည့်တည့် ဝင်တိုက်မိရာက စဖြစ်ခဲ့
ဇန်နဝါရီလ ၂၁ရက်နေ့ မနက် ၈နာရီခွဲလောက်မှာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမပေါ်မှာ ဟိုင်းအေ့စ် ယာဉ်တစီး မတော်တဆဖြစ်ပြီး မီးလောင်ခဲ့တဲ့အတွက် ပါလာသူ ၉ဦးထဲက ၈ဦး သေဆုံးပြီး တဦး ဒဏ်ရာရသွားပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား တဦးနဲ့ အမျိုးသမီး ၇ဦး ပါဝင်ပြီး ဒဏ်ရာရတဲ့ အမျိုးသားကို လှည်းကူးမြို့က ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
ဒဏ်ရာရထားပြီး ဆေးရုံတင်ထားရတဲ့သူဟာ မတော်တဆဖြစ်တဲ့အချိန်မှာ ကားတံခါးပွင့်ပြီး လွင့်ကျန်ခဲ့တဲ့အတွက် မီးလောင်တဲ့အထဲ မပါပဲ လွတ်သွားတာ ဖြစ်ပါတယ်။
ဒီမတော်တဆ ဖြစ်မှုဟာ မိုင်တိုင် ၄ မိုင် ၂ ဖာလုံနေရာမှာ ကားက လမ်းလယ်ကျွန်း အလူမီနီယံတန်းကို တည့်တည့် ဝင်တိုက်မိရာက စဖြစ်ခဲ့ပြီး ကားရဲ့ ဆီတိုင်ကီ ပေါက်ရာက မီးလောင်သွားတာ ဖြစ်တယ်လို့ အမှတ် (၃) အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲအုပ် ဦးအောင်သိန်းဦးက ဘီဘီစီကို ပြောပါတယ်။
အခုလို ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် ယာဉ်ရဲ့ ရှေ့ဘီးတွေ ပြားနေတာကို တွေ့ရတယ်လို့ ရဲအုပ် ဦးအောင်သိန်းဦးက ပြောပါတယ်။
ကားပေါ်ပါလာတဲ့သူတွေဟာ ဆဋ္ဌဂံ ဆောက်လုပ်ရေး ကုမ္ပဏီက ဖြစ်ပြီး ပုဂံ၊ ညောင်ဦး ဘုရားဖူး ခရီးစဉ်က ပြန်လာကြတာ ဖြစ်ပါတယ်။