၂၁ ရာစု ပင်လုံ မတိုင်ခင် ဝ နဲ့မိုင်းလား NCA လက်မှတ်ထိုးဖွယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office
ဒေါ်အောင်ဆန်း စုကြည်နဲ့ အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ
ဖေဖော်ဝါရီလကုန် မတိုင်ခင် ကျင်းပမယ့် ၂၁ ရာစု ပင်လုံ မတိုင်ခင် ဝ နဲ့ မိုင်းလား အဖွဲ့တို့ NCA စာချုပ် မှာ လက်မှတ် ရေးထိုး လာနိုင်ခြေ ရှိတယ် လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ PNO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ သီးခြားစီ တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံ ရာမှာ လာမယ့် ၂၁ ရာစု ပင်လုံကို ပိုမို ပြည့်ပြည့်စုံစုံ ပါဝင်လာနိုင်ဖို့ နဲ့ အောင်မြင်ဖို့ ပူးပေါင်း ဆောင်ရွက်မယ့် နည်းလမ်း တွေကို ဆွေးနွေးခဲ့တယ်လို့ PPST အဖွဲ့ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
ဒါ့အပြင် ABSDF မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ဗဟို ကော်မတီဝင် ဦးမင်းဌေးကို ဖမ်းထားတဲ့ ကိစ္စနဲ့ လက်နက် သယ်ဆောင်မှုကြောင့် AA ရခိုင် အဖွဲ့ဝင်ကို ဖမ်းဆီး ထားတဲ့ ကိစ္စတွေလည်း ဆွေးနွေး ခဲ့တယ်လို့ သူက ပြောပါတယ်။
ဖြစ်ပြီးတဲ့ အမှု ကိစ္စတွေကို ဥပဒေကြောင်း အရ ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့ရော ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့ဆုံရာမှာပါ PPST အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးက နိုင်ငံမြောက်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ ပြောပေမယ့် နှစ်ယောက်စလုံးက တရားဝင် သဘောထား ပေးတာ မရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
မဖြစ်မနေ ရှေ့ဆက် သွားရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရက ဆက်လက် ဦးဆောင်ရမှာ ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေး NCA ကို ထိန်းသိမ်းဖို့ လုပ်ငန်းစဉ်ကို တပ်မတော်က အာမခံ ဆောင်ရွက်မယ့် သဘော ရှိတယ်လို့လည်း သူက ပြောပါတယ်။
နိုင်ငံ မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ရှိပြီး ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် ဆွေးနွေးပွဲတွေမှာ အဖွဲ့ဝင်တွေ တိုးလာနိုင်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။