ဒေသကို အခြေခံ ကျင်းပတဲ့ ထားဝယ် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ

တနင်္သာရီမှာ မြေယာ ပြဿနာတွေ အများကြီး ရှိနေ
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒေသကို အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ၃ ရက်တာ ကျင်းပ နေတာမှာ ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက် နေ့ဟာ နောက်ဆုံးရက်ပဲ ဖြစ်ပါတယ်။
ဆွေးနွေး ခဲ့သမျှ တွေထဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကို အခြေခံတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ မြေယာ ကဏ္ဍ တွေ ကို အဓိက ထား ခဲ့ကြတယ်လို့ ကိုယ်တိုင် တက်ရောက် နေတဲ့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တနင်္သာရီ တိုင်းဒေသ ကြီးထဲမှာ သတ္တု သယံဇာတ စီမံကိန်းတွေ အောင်မြင်အောင် အကောင်အထည် မဖော် နိုင်သေးသလို၊ အရင် အစိုးရ အဆက်ဆက် လက်ထက် သိမ်းယူ ခဲ့တဲ့ မြေယာ ပြဿနာတွေ အများကြီး ရှိနေတယ်လို့လည်း သရက်ချောင်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်တဲ့ ဦးအောင်စိုးက ပြောပါတယ်။
ဒါ့ကြောင့် အခု ဆွေးနွေးပွဲမှာ မြေယာ မူဝါဒ မျိုး ချမှတ် ရေး အပါအဝင်၊ ငါးဖမ်း လုပ်ငန်း နဲ့ သတ္တုတွင်း လုပ်ငန်း တွေ လိုမျိုး ဒေသတွင်း စီးပွားရေး လုပ်ငန်း တွေ အတွက် ဆီလျော်တဲ့ ဥပဒေတွေ ချမှတ်ရေး တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ ထားဝယ် ဆွေးနွေးပွဲမှာ ဒေသန္တရ အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကမ်းရိုးတန်း စစ်ဌာနချုပ်နဲ့ ကေအင်ယူ တို့လို နှစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းက သူတွေနဲ့ ဌာနေ ခရိုင် တွေက ကိုယ်စားလှယ် တွေအပါအဝင် ယူပီဒီဂျေစီနဲ့ ငြိမ်းချမ်းရေး ကော်မရှင်က သူတွေ တွေ့ဆုံ နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကပဲ ဘားအံမြို့မှာ ကရင် လူမျိုးကို အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး၊ နေပြည်တော် ကောင်စီ နယ်မြေ မှာလည်း ဆွေးနွေးပွဲ တစ်ခု လုပ်လာဖို့ ရှိပါတယ်။
ဒီလို ဆွေးနွေးပွဲတွေ ကနေ ရလာမယ့် သဘောထားတွေကို လာမယ့် ဖေဖေါ်ဝါရီ လ နှောင်းပိုင်း ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မှာ တင်ပြ ကြမှာ ဖြစ်ပါတယ်။