လက်ထပ်ပြီး တရုတ်နိုင်ငံကို ခေါ်သွားတဲ့အမှုတွေ တိုးလာနေ

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်မှာ အရွယ်ရောက်အမျိုးသားတွေအတွက် ဇနီးသည် ရှာရခက်နေ
မြန်မာ မိန်းကလေးတွေကို နိုင်ငံခြားသားနဲ့ တရားဝင်လက်ထပ် ခေါ်ဆောင်သွားပြီး လူကုန်ကူးတဲ့ ဖြစ်ရပ်မျိုးတွေကို စုံစမ်းဖော်ထုတ် တွေ့ရှိနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုပါတယ်။
အခုနောက်ဆုံး ရန်ကုန်မြို့ ဆင်ခြေဖုံးက အမျိုးသမီးလေးတစ်ဦးကို ပွဲစားက တဆင့် တရုတ်နိုင်ငံသားနဲ့ လက်ထပ်ပေးပြီး ခေါ်ဆောင်သွားဖို့ လုပ်နေတုန်း အချိန်မီ တားဆီးထိန်းသိမ်းလိုက်နိုင်တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့က ဦးစီးအရာရှိ ပထမတန်း ဒုရဲမှူးကြီး သက်နောင်က ပြောပါတယ်။
အဲဒီလိုနည်းနဲ့ တရုတ်နိုင်ငံကို ရောက်သွားနှင့်ပြီးသား အမျိုးသမီးလေး တစ်ဦးနဲ့ အဆက်အသွယ်ရရာက ပွဲစားတွေ လှုပ်ရှားနေတဲ့ လမ်းကြောင်းကို သိရပြီး စုံစမ်းဖော်ထုတ်နိုင်ခဲ့တာလို့ သိရပါတယ်။
မင်္ဂလာဆောင်စရိတ်ဆိုပြီး သိန်း ၃၀ လောက် မိသားစုကို ပေးပေမယ့် ပွဲစားတစ်ဦးကို သိန်း ၁၀၀ ကနေ ၂၀၀ လောက်အထိ ပေးရတယ် လို့လည်း ဆိုပါတယ်။
တရားဝင်ပုံစံလုပ်ပြီး နည်းလမ်းအသစ်နဲ့ လူကုန်ကူးတာမျိုး ဖြစ်လာလို့ ပါဝင်ပတ်သက်သူတွေကို အရေးယူထားတယ်လို့ ရဲမှူးကြီး သက်နောင်က ပြောပါတယ်။
တရားဝင်လက်ထပ်ပြီး ထွက်ခွာတယ်ဆိုပေမယ့် ဘာသာစကားချင်းလည်း မတူညီ၊ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်စုံမက်လို့ လက်ထပ်ထိမ်းမြားကြတာ မဟုတ်ကြောင်းတွေ့ရတယ်လို့လည်း သူက ပြောပါတယ်။
တရုတ်နိုင်ငံမှာ တစ်အိမ်ထောင် ကလေးတစ်ဦးပဲ ယူရမယ်ဆိုတဲ့ မူဝါဒတွေနဲ့ သားယောက်ျား လေးတွေကိုပဲ ဦးစားပေးတဲ့အစဉ်အလာတွေကြောင့် အရွယ်ရောက်လာတဲ့ အမျိုးသားတွေအတွက် ဇနီးမယား ရှားပါးလာနေလို့ နိုင်ငံခြားက မိန်းကလေးတွေကို ခေါ်ယူလက်ထပ်တဲ့ အလေ့အထတွေ တိုးလာနေပါတယ်။
တရုတ်လူမျိုး သားအဖသုံးယောက်က မြန်မာမိန်းကလေးတစ်ဦးတည်းကို လက်ထပ်ပေါင်းသင်းနေကြတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံကို လူကုန်ကူးခံရလို့ ရောက်ရှိနေကြတဲ့ မြန်မာ မိန်းကလေးတွေကို ဆက်သွယ်ပြီး ပြန်လည်ခေါ်ယူနိုင်ဖို့ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြိုးစား လုပ်ဆောင်နေပါတယ်လို့ ဒုရဲမှူးကြီး သက်နောင်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။