ရခိုင်မြောက်ပိုင်း ဘီဘီစီ သတင်းယူခွင့်ကို အစိုးရ ပြန်ရုပ်သိမ်း

Image caption အရပ်သားတွေကို ပစ်မှတ် ထားတာမျိုး မလုပ်ဘူး ဆိုပြီး အစိုးရ အစဉ်တစိုက် ငြင်းဆို

ရခိုင်ပြည်နယ် မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက် ခဲ့တဲ့ ဒေသထဲ သွားရောက် သတင်းယူခွင့်ကို ဘီဘီစီ အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ထဲမှာ ရခိုင်ပြည်နယ် အစိုးရထံက ရရှိ ခဲ့ပေမယ့် ဘူးသီးတောင် အရောက်မှာ ရှေ့ဆက် မသွား နိုင်တော့ဘူး ဆိုပြီး တားမြစ် ခံခဲ့ ရပါတယ်။

မျှော်လင့်မထားပဲ ခွင့်ပြုချက် ရရှိလာတာနဲ့ ချက်ခြင်း ဆိုသလို စစ်တွေကို အရောက် သွားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် ဒေသ အထိ ရောက်အောင် မေယုမြစ်တလျှောက် ရေလမ်းကနေ သွားခဲ့ ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘူးသီးတောင် အရောက်မှာ ရဲအပါအဝင် အစိုးရ လုံခြုံရေး အရာရှိတွေ ဆီးကြိုနေပြီး ဘီဘီစီ အဖွဲ့ကို မြို့နယ် အုပ်ချုပ်ရေး ရုံးကို ခေါ်ဆောင် သွားခဲ့ပါတယ်။

အဲဒီ ရုံးကို အရောက်မှာ ခွင့်ပြုချက်ကို ရုပ်သိမ်း လိုက်ပြီလို့ အာဏာပိုင်တွေ ဘက်က အကြောင်း ကြားလာ ခဲ့ပါတယ်။

ဒီလို ရုပ်သိမ်းဖို့ အမိန့်ကို နေပြည်တော်က တိုက်ရိုက် လာတယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေနဲ့ အကြမ်းဖက် မှုတွေ ဖြစ်ပေါ် ထားတဲ့ ဒေသထဲ သတင်းသမားတွေကို မတွေ့ စေချင်တာတွေ၊ လူအများ မသိစေချင် တာတွေ ဆက်လက် ရှိနေသေးတယ် ဆိုတာ ထင်ရှား နေတယ်လို့ အတားဆီး ခံခဲ့ရတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

အစိုးရ နယ်ခြားစောင့် ရဲကင်းတွေ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ တုန်းက ချိန်ကိုက် တိုက်ခိုက် ခံခဲ့ ရပြီးတဲ့နောက် လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်ရာမှာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ် ပစ်မှတ်ထား ကျူးလွန်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲ ဝေဖန်မှု တွေ အပြင်းအထန် ထွက်ပေါ် လာခဲ့ပါတယ်။

ရိုဟင်ဂျာ အမျိုးသမီးတွေက သူတို့ကို အစိုးရ လုံခြုံရေး အဖွဲ့ဝင်တွေက မုဒိန်းပြုကျင့် ခဲ့တယ် ဆိုတာ အပါအဝင်၊ သူတို့ နေအိမ်တွေ မီးရှိုး ခံခဲ့ရတယ်၊ သူတို့ ယောက်ကျားတွေ သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတယ် စသဖြင့် ထွက်ဆို ထားတာကို မိုဘိုင်း လက်ကိုင်ဖုန်း နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို အပိုင်းအစတွေ ထွက်ပေါ် ခဲ့ပါတယ်။

ရဲ တပ်ဖွဲ့ဝင်တွေက ကိုးတန်ကောက် ရွာမှာ ရွာသားတွေကို ကိုယ်ထိလက်ရောက် ကန်ကျောက် ရိုက်နှက် နေတဲ့ ဗီဒီယို တစ်ခုကိုပဲ အစိုးရက ဖြစ်ရပ်မှန် အနေနဲ့ ဝန်ခံထားပြီး၊ ကျူးလွန်သူ တချို့ကို အရေး ယူတာတွေ ပြုလုပ် ထားပေမယ့် အရပ်သားတွေကို ပစ်မှတ် ထားတာမျိုး မလုပ်ဘူး ဆိုပြီး အစိုးရနဲ့ စစ်တပ်က အစဉ်တစိုက် ငြင်းဆို ထားပါတယ်။

ထွက်ပေါ် နေတဲ့ စွပ်စွဲ မှုတွေ နဲ့ ပတ်သက်ပြီး အာဏာပိုင် တစ်ယောက်ယောက်ရဲ့ တိုက်ရိုက် တုံ့ပြန်မှုကို ဘီဘီစီ အနေနဲ့ ဘူးသီးတောင်ကနေ လှည့်မပြန် ရခင် လိုချင်တယ် ဆိုပြီးတောင်းဆို ခဲ့တဲ့နောက် ဒေသန္တရ အုပ်ချုပ်ရေးမှုး တစ်ယောက်က ဖြေကြား ခဲ့ပါတယ်။

အာဏာပိုင်တွေ အနေနဲ့ ဘာမှ ဖုံးကွယ် ထားတာ မရှိပဲ သတင်း အချက်အလက် အမှန်တွေကိုလည်း အစိုးရက ထုတ်ပြန် ပေးနေတယ်၊ ဗုဒ္ဓ အဆုံးအမ အရလည်း အဓမ္မ ပြုကျင့် တာမျိုး လုပ်ဖို့ ခွင့်ပြု မထားဘူး ဆိုပြီး အဲဒီ အုပ်ချုပ်ရေးမှုးက ဆိုပါတယ်။

ဘီဘီစီ အနေနဲ့ ရခိုင် အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် တွေ့ဆုံ မေးမြန်းခွင့်ရဖို့ ကြိုးစား နေသမျှဟာ အခု အချိန်ထိတော့ အငြင်းခံ နေရပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေ အပေါ် ကြမ်းကြုတ် ရက်စက်မှုတွေ ကျူးလွန် ခဲ့သလား ဆိုတာကို စုံစမ်း ဖို့ မြန်မာ အစိုးရက ဒုတိယ သမ္မတ ဦးမြင့်ဆွေကို ဦးဆောင် စေပြီး ဖွဲ့စည်း ပေးထားတဲ့ ကော်မရှင်ရဲ့ အဆုံးသတ် အစီရင်ခံစာ အခု ဇန်နဝါရီလ မကုန် ခင်မှာပဲ ထုတ်ပြန် လာဖို့ ရှိနေပေမယ့် အခြေအနေ အမှန် ကို ဘယ်လောက်ထိ ထင်ဟပ် လိမ့်မလဲ ဆိုတဲ့ အပေါ် နိုင်ငံတကာက မေးခွန်း ထုတ်နေကြ ပါတယ်။

အခုလို အခြေအနေ မျိုးတွေ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ဖြစ်ရပ်မှန်တွေဟာ ဘယ်တော့မှ စစ်စစ်မှန်မှန် မဖော်ထုတ် နိုင်တာမျိုး ဖြစ်သွား နိုင်ကောင်းတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ