ရန်ကုန်မှာ တရုတ်နှစ်ကူး ခမ်းနားစွာကျင်းပ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
ရန်ကုန် တိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် ပွဲတော် လာရောက်ဖွင့်လှစ်
ဒီနှစ် ကျရောက်တဲ့ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့က တရုတ်တန်းမှာ စည်စည်ကားကား ကျင်းပပါတယ်။
လမ်းမတော်လမ်း၊ စဉ့်အိုးတန်းလမ်း၊ လသာလမ်း စတဲ့ တရုတ်တန်းထဲက လမ်းတိုင်း လမ်းတိုင်းမှာ တရုတ်ရိုးရာမီးပုံးအနီတွေ ချိတ်ဆွဲ အလှဆင်ထားပါတယ်။
လမ်းမတွေပေါ်မှာ တရုတ် ရိုးရာ နဂါး အက ခြင်္သေ့အက ကပြတာတွေ တရုတ်ရာဇဝင်၊ ထုံးတမ်းစဉ်လာ တွေကို ဖော်ကျူးပြီး သီဆိုတာတွေ၊ အပြင် တရုတ်ဘုံကျောင်းတွေမှာလည်း ဘုရားရှိခိုးသူ လာရောက် ဆုတောင်းကြသူတွေနဲ့ စည်စည်ကားကား ဖြစ်နေပါတယ်။
လသာလမ်းပေါ်က တရုတ်ဘုံကျောင်းမှာ ဘုရားလာရှိခိုးတဲ့ အသက် (၈၀) ကျော် အရွယ် ဦးထုံကတော့ သူ့တသက်မှာ ဒီလောက် စည်ကားတဲ့ ပွဲတော် ကျင်းပတာ မကြုံဖူးဘူးလို့ ဆိုပါတယ်။
ချွန်းကျဲ့လို့ခေါ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲဖို့ လမ်းမတွေပေါ်မှာလည်း အသက်အရွယ်မရွေး လူရွယ် လူကြီးတွေနဲ့ တိုးမပေါက်အောင် စည်ကားလှပါတယ်။ တရုတ်ရိုးရာအရ မျောက်နှစ်ကနေ ကြက်နှစ်ကို ကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူး အချိန်အခါသမယ လည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ တရုတ်တန်းမှာလုပ်တဲ့ နှစ်သစ်ကူး ဖွင့်ပွဲကို ရန်ကုန် တိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် ပွဲတော်ကို လာရောက်ဖွင့်လှစ်ခဲ့ပြီး တရုတ်သံအမတ် အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး လည်း တက်ရောက်ခဲ့ပါတယ်။
အခုနှစ် တရုတ်နှစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းအစိုးရရဲ့ အမိန့်နဲ့ စည်စည်ကားကား ပထမဆုံး ကျင်းပရတာ ဖြစ်တယ်လို့ ခိန့်ဟုတ် တရုတ်ဘုံကျောင်းက ဦးခင်ဖိုးက ပြောပါတယ်။
ပွဲတော်ကို တရုတ်နိုင်ငံ ယူနန် နဲ့ ဖူးကျန့် ပြည်နယ်က အဆိုအက အဖွဲ့တွေ လာရောက်ပြီး တရုတ်ရိုးရာ အကအလှတွေကို ဖျော်ဖြေကြပါတယ်။
အရင်က တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့လယ်က တရုတ်တန်းမှာ နှစ်စဉ် ကျင်းပလေ့ ရှိပေမယ့် တခါမှ ဒီလောက် စည်ကားပြီး ထူးထူးခြားခြား ကျင်းပတာမျိုးတော့ မရှိခဲ့ပါဘူး။
အခုအစိုးရကနေ ပွဲတော် စည်စည်ကားကား ဖြစ်ဖို့ အားပေးလုပ်ဆောင်တာဟာ တရုတ် မြန်မာ ဆက်ဆံရေး ပြေလည်ပြီး ပိုမိုကောင်းမွန်တဲ့ (၂) နိုင်ငံ ဆက်ဆံရေး တည်ဆောက်လိုတဲ့ သဘောမျိုးရှိတယ်လို့ သုံးသပ်ရပါတယ်။