ဦးကိုနီကို သတ်ဖြတ်သူရဲ့ နောက်ကွယ် ကြိုးကိုင်သူ ရှိလား ဖော်ထုတ်မယ်

လုံခြုံရေး တပ်ဖွဲ့ဝင် တွေ ရှိနေတဲ့ နိုင်ငံတကာ လေဆိပ်မှာ ဦးကိုနီ လုပ်ကြံ ခံရ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီ ကို မင်္ဂလာဒုံ လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခဲ့သူဟာ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ကျူးလွန် ခဲ့သလဲ ဆိုတာ မသိရ သေးဘူး ဆိုပြီး သမ္မတရုံးက ပြောပါတယ်။
ပစ်ခတ် ခဲ့သူဟာ တစ်ဦးတစ်ယောက်တည်း သဘောထားနဲ့ ဦးကိုနီကို လုပ်ကြံ ခဲ့တာလား၊ နောက်ကွယ်မှာ ကြိုးကိုင် သူတွေ ရှိနေ သေးလား ဆိုတာ စုံစမ်း ဖော်ထုတ် သွားမယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့် အပါအဝင် ထိပ်တန်း အစိုးရ အရာရှိတွေ ပါဝင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့နဲ့ အတူ နိုင်ငံခြား ခရီးစဉ်က ပြန်ရောက် လာတဲ့ ဦးကိုနီဟာ မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ် က အထွက် အသတ်ဖြတ် ခံလိုက် ရတာ ဖြစ်ပါတယ်။
လုံခြုံရေး တပ်ဖွဲ့ဝင် တွေ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကြားထဲကပဲ ဦးကိုနီရဲ့ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ် သတ်ဖြတ်တာ ခံခဲ့ရလို့ ပွဲချင်းပြီး သေဆုံး ခဲ့ရသလို၊ ဟန့်တားဖို့ ကြိုးစားခဲ့သူ ကိုနေဝင်း ဆိုသူလည်း သေနတ် သမား လက်ချက်နဲ့ သေဆုံး ခဲ့ပါတယ်။
မင်္ဂလာဒုံ လေဆိပ် ပစ်ခတ်မှု နဲ့ ပတ်သက်ပြီး ကြည်လင်း ဆိုသူကို လက်နက်ခဲယမ်းတွေနဲ့ အတူ ပစ်ခတ် ဖမ်းဆီး ထားတယ် ဆိုပြီး ရေးသား ထားတဲ့ ရဲမှတ်တမ်းကို ဘီဘီစီ တွေ့ရှိ ထားပါ တယ်။
ဦးကိုနီ လုပ်ကြံ ခံရမှုနဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က အစားထိုးလို့ မရနိုင်တဲ့ပုဂ္ဂိုလ် သတ်ဖြတ် ခံခဲ့ရတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောကြား ခဲ့သလို၊ မကောင်းတဲ့ အစဉ်အလာ တစ်ရပ် ဖြစ်သွားပြီ လို့လည်း ဆိုပါတယ်။
ဦးကိုနီရဲ့ စျာပနကို မနက်ဖြန် တနင်္လာနေ့မှာ အစ္စလာမ် ဘာသာဝင် တို့ရဲ့ ထုံးစံနဲ့ အညီ ရေဝေး သုဿာန်မှာ ပြုလုပ် သွားဖို့ စီစဉ် ထားပါတယ်။