ဦးကိုနီရဲ့ ကိုယ်ရေး အကျဉ်း

ဦးကိုနီ NLD
ဓာတ်ပုံ ပုံစာ,

ဥပဒေ ရေးရာ များကို အထူး ကျွမ်းကျင်သူ အဖြစ် ဥပဒေ လောကရဲ့ အသိအမှတ် ပြုခြင်း ခံရသူ ဦးကိုနီ

ဦးကိုနီကို ဖခင် ဦးစူလတန်၊ မိခင် ဒေါ်ခင်လှ (ခ) ဒေါ်ဟလီမာတို့က စစ်ကိုင်းတိုင်း၊ ကသာ မြို့နယ်၊ အင်းရွာ ကျေးရွာမှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကသာမြို့ အ.ထ.က (၁) ကျောင်း ကနေ အောင်မြင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ကနေ ၁၉၇၅ ခုနှစ်မှာ B.A (Law) ဘွဲ့၊ ၁၉၇၆ ခုနှစ်မှာ LL.B ဘွဲ့တွေ ရရှိခဲ့ပါတယ်။

၁၉၇၅-၁၉၇၆ ပညာသင်နှစ်အတွင်းမှာ ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီးရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်ကနေ ၁၉၇၉ ခုနှစ် အတွင်း ရန်ကုန် တက္ကသိုလ် ဥပဒေ ပညာဌာန မှာ နည်းပြဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

တက္ကသိုလ် နည်းပြ ဘဝမှာပဲ ရှေ့နေကြီး ဆရာ ဦးကိုယုရဲ့ ရှေ့နေ ချိန်ဘားမှာ အလုပ်သင် ရှေ့နေ၊ အမှုလိုက် ရှေ့နေ စတဲ့ တာဝန်များ ကိုလည်း ပူးတွဲ ထမ်းဆောင် ခဲ့ပါတယ်။

ကျောင်းဆရာ အလုပ်ကို ဝါသနာပါ နှစ်သက်တဲ့ အတွက် မေတ္တာဖြင့် ဟောပြော ပို့ချမှုတွေလည်း တတ်နိုင်သလောက် ပြုလုပ် ခဲ့ပါတယ်။

၁၉၉၅ ခုနှစ်က စပြီး Laurel Law Firm ကို တရားဝင် မှတ်ပုံတင် တည်ထောင်ကာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။

ဦးကိုနီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဝင် တဦး ဖြစ်ပြီး ပါတီအတွက် ဥပဒေရေးရာ အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ဦးကိုနီဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးရာများကို အထူးကျွမ်းကျင်သူ အဖြစ် ဥပဒေ လောကရဲ့ အသိအမှတ် ပြုခြင်း ခံရသူပါ။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အချိန်ကစပြီး ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး NLD ပါတီရဲ့ လုပ်ငန်းစဉ်တွေ ထဲမှာ ကွယ်လွန်ချိန် အထိ တက်တက်ကြွကြွ ပါဝင် ခဲ့သူလည်း ဖြစ်ပါတယ်။

ဦးကိုနီဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန် စေဖို့ရာလည်း စွမ်းဆောင်ခဲ့သူ ဖြစ်တဲ့ အပြင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အလုပ်တွေကိုလည်း ကွယ်လွန်ချိန် အထိ လုပ်ဆောင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အကြီးတန်းခေါင်းဆောင်မှု အစီအစဉ်ကို တက်ရောက်ခဲ့တဲ့ သတင်းနဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်တဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့မှာ ဦးကိုနီဟာ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပြီး ခရီးစဉ်က အပြန် ရန်ကုန် လေဆိပ်မှာ သေနတ်နဲ့ပစ် လုပ်ကြံ ခံခဲ့ရခြင်း ဖြစ်ပါတယ်။