သမ္မတ ထရမ့်က သူ့ရဲ့ ကန့်သတ်မိန့်အပေါ် ကာကွယ်

Trump
ဓာတ်ပုံ ပုံစာ,

သမ္မတထရမ့်ရဲ့ ကန့်သတ်မိန့်ကို ဆန္ဒပြကန့်ကွက်

မွတ်ဆလင် နိုင်ငံ ၇နိုင်ငံက လူတွေကို အမေရိကန်နိုင်ငံထဲ လာရောက်ခွင့် ယာယီ ပိတ်ပင်ဖို့ ကန့်သတ်မိန့် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ ဝေဖန် ပြောဆိုမှုတွေ ကန့်ကွက် ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်မှာပဲ သမ္မတ Donald Trump က သူ့ရဲ့ ကန့်သတ်မိန့်အပေါ် ကာကွယ် ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ ထုတ်ပြန်ကြေညာချက်တခုထဲမှာ သမ္မတ ထရမ့်က မီဒီယာတွေရဲ့ မဟုတ်မမှန် သတင်းထုတ်လွှင့်မှုတွေကြောင့် မွတ်ဆလင်တွေကို ပိတ်ပင်မှု လုပ်တဲ့အထိ ဖြစ်ခဲ့ရတာ ဆိုပြီး စွပ်စွဲ ရေးသားထားပါတယ်။

လာမယ့် ရက်ပေါင်း ၉၀အတွင်း နိုင်ငံအားလုံးကနေ လာတဲ့သူတွေအတွက် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

သောကြာနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ကန့်သတ်အမိန့်ကို ပြန်ဖြေလျှော့လာပုံရတဲ့အနေနဲ့ သမ္မတ ထရမ့်ရဲ့ အိမ်ဖြူတော် အရာရှိချုပ် Reince Priebus က ဒီကန့်သတ်အမိန့်ဟာ အမေရိကန် နိုင်ငံမှာ တရားဝင် နေခွင့် ရထားတဲ့ Green Card ရထားသူတွေနဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ သမ္မတ ထရမ့်ရဲ့ ကန့်သတ် အမိန့်ကြေညာချက်ကို ကန့်ကွက်တဲ့အနေနဲ့ လူထောင်ပေါင်းများစွာ ဟာ လေဆိပ်တွေနဲ့ တခြား နေရာအများအပြားမှာ ထပ်မံ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက Bostonမြို့၊ New Yorkမြို့ တလျှောက်နဲ့ ဝါရှင်တန်မှာ ရှိတဲ့ အိမ်ဖြူတော်နားမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ပြည်နယ်ပေါင်း ၁၆ပြည်နယ်က ဥပဒေအကြံပေး ရှေ့နေချုပ်ကြီးတွေကလည်း သမ္မတ ထရမ့်ရဲ့ ကန့်သတ်အမိန့်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး၊ အမေရိကန် မဆန်ဘူး၊ တရားမဝင်ဘူးဆိုပြီး ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

ပူးတွဲ ထုတ်ပြန်လိုက်တဲ့ သူတို့ရဲ့ ကြေညာချက်ထဲမှာ အဲဒီ ကန့်သတ်အမိန့်ကို တရားရုံးတွေက ပယ်ချမယ်ဆိုတာကို သူတို့ အခိုင်အမာ ယုံကြည်ထားတယ်လို့ ဖေါ်ပြထားပါတယ်။