ဦးကိုနီကို လုပ်ကြံတာ မတည်မငြိမ် ဖြစ်အောင် ရည်ရွယ် ပြုမူတာဖြစ်

ဘာသာရေး၊ လူမျိုးရေး သွေးထိုးမှု တွေကို အထူးဂရု ပြုကြဖို့ သတိ ပေး။
ဦးကိုနီကို သတ်ဖြတ်ခဲ့သူဟာ တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ပျက်စီးအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင် ခဲ့တာ ဖြစ်တယ် ဆိုပြီး သမ္မတရုံးက ထုတ်ပြန် ပါတယ်။
ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အသက် ၅၃ နှစ် အရွယ် ဦးကြည်လင်း ဆိုသူကို ဖမ်းဆီး ထားကြောင်း အဲဒီ ထုတ်ပြန်ချက်ထဲ အတည်ပြု ထားပြီးဖြစ်စဉ် အမှန် ပေါ်ပေါက်ဖို့ ဆက်လက် စုံစမ်း နေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီး ထားတဲ့ ဦးကြည်လင်းဟာ ရှေးဟောင်း ဘုရား ဆင်းတုတွေ ခိုးယူမှု၊ တရားမဝင် ရောင်းဝယ်မှု တို့နဲ့ ထောင်ကျ ခဲ့ဖူးတဲ့ ပြစ်မှု မှတ်တမ်း ရှိသူ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
အဲဒီသူအပေါ် စစ်ဆေး မေးမြန်း နေတဲ့ လုပ်ငန်းစဉ် မပြီးဆုံး သေးပဲ၊ စစ်ဆေးရာက သိရှိ လာတဲ့ အချက် တွေကိုလည်း စိစစ် ရဦးမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
ဒါ့ကြောင့် ပစ်ခတ်မှု ကျူးလွန်သူဟာ ဘယ်လို ရည်ရွယ်ချက် မျိုးနဲ့ ကျူးလွန် ခဲ့တာလည်း ဆိုတာကို မသိရ သေးသလို၊ နောက်ကွယ်မှာ ကြိုးကိုင် ခိုင်းစေသူ တွေ ရှိသလား ဆိုတာလည်း မသိရ သေးပါဘူး။
အဲဒီသူ ဆီက သိမ်းဆည်းမိ ခဲ့တဲ့ မှတ်ပုံတင် ထဲမှာ မန္တလေး လိပ်စာ ဖော်ပြ ထားပေမယ့် အဲဒီ အရပ်မှာ နေထိုင်သူ တစ်ယောက် မဟုတ်ကြောင်းနဲ့ သူနဲ့ ပတ်သက် ဆက်စပ်သူ တစ်ဦးတစ်ယောက် မှလည်း မန္တလေးမှာ မတွေ့ရကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက ဘီဘီစီကို ပြောထားပါတယ်။
သမ္မတ ရုံး ထုတ်ပြန် ချက် ထဲမှာတော့ အခု အချိန်မှာ ဘာသာရေး၊ လူမျိုးရေး သွေးထိုးမှု တွေကို အထူးဂရု ပြုကြဖို့ သတိ ပေးထားသလို၊ အာဏာပိုင် တွေ ဘက်ကလည်း လုံခြုံရေး ပိုမို တင်းကြပ်မယ်လို့ ဆိုပါတယ်။