မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ တင်ပြဖို့ရက် တိုးမြှင့်

rakhine
ဓာတ်ပုံ ပုံစာ,

မောင်တောဒေသမှာ ရွာသားတွေကို လုံခြုံရေး အဖွဲ့တွေက ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြောင်း အစိုးရဝန်ခံ

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တင်ပြဖို့ ရက်ကို ၂၀၁၇ခုနှစ် ဇန္နဝါရီလ ၃၁ရက်နေ့ကနေ နောက်ထပ် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

မောင်တောဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေအကြောင်း နောက်ခံ အခြေအနေတွေနဲ့ အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်း စစ်ဆေးဖို့နဲ့ နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဆောင်ရွက်မှုတွေမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိ ဆိုတာကို စစ်ဆေး သုံးသပ် အကြံပြုနိုင်ဖို့အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှာ ဖွဲ့စည်းခဲ့အပြီး ၂၀၁၇ခုနှစ် ဇန္နဝါရီလ ၃၁ရက်နေ့မှာ အစီရင်ခံစာ တင်ပြဖို့ ရက်သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်သစ်တွေ ထပ်မံ ပေါ်ပေါက်နေတဲ့အတွက် သမ္မတထံ အစီရင်ခံစာ တင်သွင်းရမယ့် ရက်ကို ဆက်လက် စုံစမ်း စစ်ဆေးမှု ပြီးစီးတဲ့အချိန်အထိ တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

နဂိုတုန်းကတော့ မောင်တောင်ဒေသ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဘာ့ကြောင့်ဖြစ်ရလဲ၊ ဘယ်လို ဖြစ်လာသလဲ၊ နောင်မဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က လေ့လာသုံးသပ်ခဲ့တာ ဖြစ်ပြီး အခု လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ ရှိလာတဲ့အတွက် လူ့အခွင့်အရေး ရှုထောင့်ကနေ ဆက်လက်လေ့လာ သုံးသပ်စေချင်တဲ့ သဘောလို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးအောင်ကြည်က ဘီဘီစီကို ပြောပါတယ်။

မောင်တောဒေသမှာ ကာလတိုတခုအတွင်း လက်နက်ကိုင် ပဋိပက္ခသဘောမျိုး အစပျိုးမှု ဖြစ်သွားခဲ့ပြီး တချို့ ကိစ္စတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စံချိန်နှုန်းထား မမှီတဲ့ ပြုမူဆောင်ရွက်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်လို့ ရနိုင်ကြောင်း သူက ပြောပါတယ်။

ဇန္နဝါရီလဆန်းပိုင်းတုန်းက နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန် ချက်ထဲမှာ မောင်တော ဒေသထဲမှာ ရွာသားတွေကို အစိုးရ လုံခြုံရေး အဖွဲ့တွေက ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ ကျုးလွန် ခဲ့တယ် ဆိုတဲ့ အချက်ကို အစိုးရက ပထမဆုံး အကြိမ် ဝန်ခံခဲ့ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင် တချို့ကို ဖော်ထုတ် ထိန်းသိမ်း ထားပြီး၊ ဆက်လက် ဖော်ထုတ် နေတယ်လို့ ဆိုပါတယ်။

ဒီစုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဦးဆောင်သူက တပ်မတော် အကြီးအကဲတဦးက ဖြစ်သလို နိုင်ငံတော် အကြီးအကဲ ဖြစ်နေတဲ့အတွက် နိုင်ငံအကျိုးစီးပွားကို ကြည့်ပြီး အကဲဖြတ် ဆောင်ရွက်မယ်လို့ ယူဆကြောင်း၊ ကော်မရှင်ထဲမှာ ပါဝင်သူတွေကလည်း ကျောထောက်နောက်ခံ အမျိုးမျိုးက ပညာရှင်တွေ ဖြစ်ပြီး ကိုယ့်အယူအဆတွေကို လွတ်လွတ်လပ်လပ် လေ့လာ သုံးသပ်မှုတွေ လုပ်နိုင်ခဲ့တယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။