ကရင့် တော်လှန်ရေး နှစ်ပတ်လည်ပွဲ လော်ခီးလာမှာ ကျင်းပ

Image caption ကရင် လူငယ် တွေတက်တက် ကြွကြွ ပါဝင်

ကရင် အမျိုးသား အစည်းအရုံး KNU အနေနဲ့ ငြိမ်းချမ်းရေး ရရှိပြီး ကရင်လူထုရဲ့ ရည်မှန်းချက် ပန်းတိုင် ရောက်တဲ့ အထိ ဆောင်ရွက် သွားမယ် လို့ KNU ဥက္ကဌ စောမူတူးစေးဖိုး က ကတိပေး ပြောကြား ပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့၊ KNU ရဲ့ လောခီးလာ ဌာနချုပ်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အဖွင့် မိန့်ခွန်းထဲ ထည့်သွင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လော်ခီးလာ အခမ်းအနားမှာ KNU နဲ့ အတူ သူတို့ရဲ့ မိတ်ဖက် ကရင် လက်နက်ကိုင် အဖွဲ့တွေ၊ လူထု အခြေပြု ကရင်အဖွဲ့ အစည်းတွေ အပြင် ပြည်တွင်းက လာတဲ့ ကရင်နိုင်ငံရေး ပါတီတွေ စုံစုံညီညီ ရှိနေ ခဲ့ကြတယ်လို့ ကိုယ်တိုင် ရောက်ရှိ နေခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ကရင့် တော်လှန်ရေး နှစ်ပေါင်း ၆ဝ ကျော် အတွင်း နိုင်ငံရေး ဆွေးနွေး နိုင်တဲ့ အဆင့်ကို ရောက်ရှိ လာနိုင်ပြီ ဖြစ်လို့ နောက်ကို ပြန်မသွားပဲ ရှေ့ဆက် သွားနိုင်ဖို့ပဲ ကြိုးစား သွားမယ်လို့ KNU အထွေထွေ အတွင်းရေးမှုး ဗဒို ကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

ဘားအံနဲ့ ရန်ကုန်က လာတဲ့ ကရင် လူငယ် တွေ ဒီ အခမ်းအနားမှာ တက်တက် ကြွကြွ ပါဝင် နေ ခဲ့ကြပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းတဲ့ အထိ ဆက်လက် လျှောက်လှမ်း ရဦးမယ်လို့ သူတို့ရဲ့ သဘောထား အမြင်တွေကို ပြောပါတယ်။

အခုလို ကျင်းပတဲ့ ၆၈ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွေကို KNU ရဲ့ တပ်မဟာ ၇ ခုစလုံး မှာလည်း ကျင်းပ ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ