ရှေ့နေ ဦးကိုနီနဲ့ ယာဉ်မောင်း ဦးနေဝင်းတို့ သေဆုံးခဲ့မှု ကိုဖီအာနန် ကြေညာချက်ထုတ်

kofi annan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် ဥက္ကဌ ကိုဖီအာနန်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ရန်ကုန်လေဆိပ် ထွက်ပေါက်မှာ NLD ပါတီရဲ့ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးကိုနီ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရမှုနဲ့ သေနတ်ပစ်သူကို လိုက်လံဖမ်းဆီးရင်း သေဆုံးခဲ့ရတဲ့ ယာဉ်မောင်း ဦးနေဝင်းတို့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြင်းထန်စွာ ရှုတ်ချကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ ဥက္ကဌ ကိုဖီအာနန်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ တုန်လှုပ်စရာ ကောင်းပြီး ဝမ်းနည်းစရာ ကောင်းကြောင်း၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်နေသူတွေအပေါ် အကြမ်းဖက်ခြင်းဟာ စက်ဆုပ်ဖွယ် ကောင်းကြောင်း အဲဒီကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဆိုးဝါးတဲ့ ဒီရာဇဝတ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်း စစ်ဆေးပြီး အရေးယူ ဆောင်ရွက်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း မစ္စတာ ကိုဖီ အာနန်က တိုက်တွန်းလိုက်ပါတယ်။

ဦးကိုနီကို သေနတ်နဲ့ ပစ်ခဲ့သူ သေနတ်သမား ကိုကြည်လင်းကို ရဲက လက်ရဖမ်းဆီးမိခဲ့ပြီး စစ်ဆေး မေးမြန်းနေပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ ထုတ်ဖော် ကြေညာတာမျိုး မရှိသေးပါဘူး။