ရိုဟင်ဂျာ အရေး ပြင်းပြင်းထန်ထန် ပြောထားတဲ့ ကုလ အစီရင်ခံစာသစ် ထွက်လာ

ရိုဟင်ဂျာ သောင်းနဲ့ချီပြီး နယ်စပ် ဖြတ်ကျော် ထွက်ပြေး ခဲ့ရ။
မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင် တွေ အပေါ် ပစ်မှတ် ထားပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် တွေက အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ၊ မုဒိန်း ကျင့်တာတွေ ကျူးလွန် ခဲ့တယ် ဆိုပြီး ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ ရုံးက ဖေဖေါ်ဝါရီ ၃ ရက်၊ သောကြာနေ့ ရက်စွဲနဲ့ အစီရင်ခံစာသစ် တစ်စောင် ထုတ်ပြန်ပြီး အပြင်းအထန် စွပ်စွဲ ပြောဆို လာပြန်ပါတယ်။
ရင်ခွင်ပိုက် အရွယ် နဲ့ ကလေးငယ် တွေ အပါအဝင် လူ တွေကို သတ်ဖြတ်တာ၊ ရက်ရက်စက်စက် ရိုက်နှက်တာနဲ့ အမျိုးသမီးတွေ အပေါ် အုပ်စုဖွဲ့ မုဒိန်း ပြုကျင့် တာတွေကို အစိုးရ တပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသထဲ ကျူးလွန် ခဲ့တယ် ဆိုပြီး အသေးစိတ် အချက်အလက် တွေကို ကုလသမဂ္ဂရဲ့ အဲဒီ အစီရင်ခံစာ အသစ်ထဲ ဖော်ပြ ထားပါတယ်။
အခု အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် နယ်စပ် ဖြတ်ကျော် ထွက်ပြေး လာကြရတဲ့ ရိုဟင်ဂျာ တွေထဲက လူပေါင်း ၂ဝဝ ကျော် ကို တွေ့ဆုံ မေးမြန်းပြီး ထုတ်ပြန် တာ ဖြစ်တယ်လို့ ဆိုပါတယ်။
၈ လသား၊ ၅ နှစ်နဲ့ ၆ နှစ်သား အရွယ် အထိ ငယ်ရွယ်တဲ့ ကလေးငယ် တွေကို မြန်မာ အစိုးရ တပ်ဖွဲ့ဝင် တွေက ဓားကို အသုံးပြု သတ်ဖြတ် ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့ အခွင့်အရေး ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အရာရှိ တွေ တွေ့ဆုံ ခဲ့ကြသူတွေက ထွက်ဆို ခဲ့ပါတယ်။
ရိုဟင်ဂျာ တွေ အပေါ် အခုလို လူမမည် အရွယ် ကလေးငယ် တွေကိုပါ မချန် သတ်ဖြတ် တာမျိုးလို ကြမ်းကြုတ် ရက်စက်မှုဟာ သိပ်ကို ခြောက်ခြား တုန်လှုပ်ဖွယ်ရာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ဘင် အယ်လ်- ဟူစိန်က ဆိုပါတယ်။
ရိုဟင်ဂျာတွေ ခံစား နေရတဲ့ ကြမ်းကြုတ် ရက်စက်မှု တွေဟာ လူသား မျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မျိုး မြောက်စေ နိုင်ဖွယ် အခြေအနေမျိုး ရှိနေတယ်လို့ အစီရင်ခံစာထဲ ရေးသား ထားပါတယ်။
ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ လ တုန်းက အစိုးရရဲ့ နယ်ခြားစောင့် ရဲ ကင်း စခန်းတွေ ချိန်ကိုက် တိုက်ခိုက် ခံခဲ့ ရပြီးတဲ့နောက် အစိုးရ ဘက်က တုံ့ပြန် ဆောင်ရွက်လာတဲ့ နယ်မြေ ရှင်းလင်းရေး တွေ အတွင်း ရိုဟင်ဂျာ အရပ်သား တွေ အပေါ်မှာပါ ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြတယ် လို့ စွပ်စွဲ နေတာ ဖြစ် ပါတယ်။