ဦးကိုနီ လုပ်ကြံမှု အတွက် သံသယရှိသူ နောက်တစ်ဦး ဖမ်းဆီးထား

ဓာတ်ပုံ ရင်းမြစ်, MOI
ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးထား
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတဲ့ အမှုမှာ ပူးပေါင်း ပါဝင်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထားသူ နောက်တစ်ဦး ရှိနေတယ် ဆိုတဲ့ အချက်ကို အစိုးရက ထုတ်ဖော် ပြောဆို လာပါတယ်။
ရန်ကုန်မြို့ ကနေ ဘားအံမြို့ကို တိမ်းရှောင် သွားတဲ့ အသက် ၄၆ နှစ် အရွယ် ဦးအောင်ဝင်းဇော် ဆိုသူကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ဝ ရက်နေ့ မနက် အစောပိုင်းက ဘားအံမြို့ သံလွင် တံတားပေါ်မှာ ဖမ်းဆီး နိုင်ခဲ့တယ် လို့ နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန် ထားပါတယ်။
ဦးကိုနီ လုပ်ကြံ ခံရတဲ့ မင်္ဂလာဒုံ လေဆိပ် အခင်း ဖြစ်ရာမှာ လက်ရ ဖမ်းဆီး မိခဲ့သူ ဦးကြည်လင်းကို စစ်ဆေး ဖော်ထုတ် ချက် တွေအရ အခုလို နောက်ဆက်တွဲ လိုက်လံ ဖမ်းဆီး ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်စပ် တရားခံ တွေ ဖမ်းဆီး ရမိဖို့ အာဏာပိုင်တွေ ဆက်လက် လုပ်ဆောင် နေပြီး အများ ပြည်သူကို အသိပေး တင်ပြ သွားမယ်လို့ ထုတ်ပြန် ချက်ထဲ ရေးသား ထားပါတယ်။
ဒါ့အပြင်၊ အခုအချိန်မှာ အများပြည်သူတွေ အနေနဲ့ ဘာသာရေးနဲ့ လူမျိုးရေး သွေးထိုး လှုံ့ဆော် မှုတွေ အပေါ် အထူး သတိပြုကြဖို့ ထပ်လောင်း သတိပေး ထားသလို တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်တာတွေ တွေ့ရင်လည်း အစိုးရကို အသိပေးဖို့ တိုက်တွန်း ထားပါတယ်။