ပါတီမဲဆွယ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်မပါနိုင်

ဓာတ်ပုံ ရင်းမြစ်, AFP
ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင် ရာထူးတွေ ယူထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပါတီလုပ်ငန်းတွေမှာ ပါဝင်ခွင့် ကန့်သတ်ခံရတာ ဖြစ်ပါတယ်
လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် NLD ပါတီရဲ့ မဲဆွယ် စည်းရုံးမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်မယ်လို့ NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင် ရာထူးတွေ ယူထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပါတီလုပ်ငန်းတွေမှာ ပါဝင်ခွင့် ကန့်သတ်ခံရတာ ဖြစ်ပါတယ်။
NLD ပါတီဟာ ရွေးကောက်ပွဲလုပ်မယ့် ၁၉ နေရာထဲက ၁၈ နေရာ ဝင်ပြိုင်မှာ ဖြစ်ပြီး ကယားပြည်နယ် ဖရူဆိုမြို့နယ်က တနေရာအတွက် ကိုယ်စားလှယ်လောင်း စာရင်းပေးဖို့ နောက်ကျခဲ့တဲ့အတွက် ရာနှိုင်းပြည့် ဝင်မပြိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ ယခင် NLD ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းအရပဲ မဲဆွယ် စည်းရုံးသွားဖို့ရှိပြီး နိုင်ငံအဆင့်နဲ့ တိုင်းအဆင့် အောင်နိုင်ရေးကော်မတီတွေ မဖွဲ့ဘဲ မြို့နယ် အောင်နိုင်ရေး အဖွဲ့တွေကပဲ ဦးဆောင် ကြီးကြပ်သွားမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
ဒီ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်ထောင်စုအဆင့် လွှတ်တော်တွေနဲ့ ပြည်နယ်လွှတ်တော်တွေက လစ်လပ်နေရာတွေ အတွက် ကျင်းပတာဖြစ်ပြီး ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးတွေနဲ့ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။