ရခိုင် အတွက် NVC ကတ် ထုတ်ပေးရေး အဖွဲ့ ဖွဲ့စည်း

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

White Card ပြန်လည် အပ်နှံသူ လေးသိန်း နီးပါး ရှိပြီး ခြောက်ထောင် ကျော် ခန့်ပဲ NVC ပြန်လည် ထုတ်ယူ မှုရှိ

ရခိုင်ပြည်နယ်တွင်း နိုင်ငံသား စိစစ်ခံရမယ့်သူတွေရဲ့ NVC သက်သေခံ ကတ်ပြား တွေ စိစစ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အစိုးရ က ဖွဲ့စည်း လိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရအပြီး နယ်မြေ ရှင်းလင်းရေး ဆောင်ရွက် မှုတွေ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက် တွေ ထွက်ပေါ်နေချိန်မှာပဲ အဲဒီဒေသက မွတ်ဆလင် တွေ အတွက် နိုင်ငံ သား စိစစ်ရေး သက်သေခံကတ်ပြား တွေ ထုတ်ပေးရေး လျင်မြန် ပြီးမြောက် အောင် လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

White Card သက်တမ်း ကုန်ဆုံးလို့ ပြန်အပ် တဲ့ အချိန်မှာ NVC ကို ပြန်လည် ထုတ်ယူမှု က ခြောက်ထောင် ကျော်ခန့်ပဲ ရှိတဲ့ အတွက် နိုင်ငံသား စိစစ် သတ်မှတ်မှု အတွက် NVC ကို မဖြစ်မနေ ထုတ်ယူဖို့ လိုကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

National Verification Card ကတ် မရှိရင် နိုင်ငံသား ဖြစ်ဖို့ အခွင့်အရေး ဆုံးရှုံး နိုင်ပြီး အစိုးရ ဘက်ကလည်း NVC ကတ် ရှိမှ နိုင်ငံသား စိစစ် တဲ့ လုပ်ငန်းတွေကို ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။

NVC ကတ် ရှိခြင်း အားဖြင့် လက်မှတ် မရှိဘဲ နောက်ထပ် ခိုးဝင်လာတဲ့ လူတွေကို ခွဲထုတ် စိစစ် နိုင်မှာလည်း ဖြစ်ပါတယ်။

NVC ကတ်တွေ ထုတ်ပေး နိုင်အောင် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီး က အကြီးအကဲ တွေပါဝင်ပြီး ကြပ်ကြပ်မတ်မတ် နဲ့ဆောင်ရွက် ဖို့ အခု အဖွဲ့ကို ဖွဲ့စည်း လိုက်တာ ဖြစ်ကြောင်း အမြဲတန်း အတွင်းဝန် က ပြောပါတယ်။

White Card ပြန်လည် အပ်နှံသူ လေးသိန်း နီးပါး ရှိပြီး ခြောက်ထောင် ကျော် ခန့်ပဲ NVC ပြန်လည်ထုတ်ယူကြပြီး ပြည်ပ အဖွဲ့အစည်းတွေက သွေးထိုး လှုံ့ဆော်မှု တွေကြောင့် ထုတ်ယူမှု နည်းပါးတာလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

NVC ကတ်က မြန်မာ နိုင်ငံ အတွင်းမှာ ရောက်ရှိ နေထိုင်ပြီး နိုင်ငံသား စိစစ်မှု ခံယူ နိုင်ဖို့ သက်သေခံ လက်မှတ်ဖြစ်ပေမဲ့ တချို့သော အဖွဲ့အစည်းတွေက NVC ကတ် က ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ဖို့ အတွက် ဆောင်ရွက်တာ ဆိုတဲ့ လှုံ့ဆော်မှုတွေကြောင့် ကြောက်လန့်ပြီး လာမထုတ်ကြတာလို့ သိရပါတယ်။

ရခိုင် ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင် အသိုင်းအဝိုင်း ထဲမှာ NVC ကတ် သွားထုတ်ရင် အစွန်းရောက် အဖွဲ့အစည်း အချို့က အန္တာရယ် ပေးလာနိုင်တယ် ဆိုတဲ့ စိုးရိမ် ပူပန် မှုတွေကြောင့် ထုတ်ယူမှု နည်းပါးနေတာ ဖြစ်တယ်လို့ ဦးမြင့်ကြိုင် က ပြောပါတယ်။

အခု အဖွဲ့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က NVC ကတ် ထုတ်ယူမှု ကို ဥပဒေ အရ အကာအကွယ် ပေးနိုင်အောင် ပြီးတော့ ပြည်ပ က ခြိမ်းခြောက်မှုတွေကို ပြန်လည် ဖြေရှင်း ပေးဖို့ အတွက် လို့ သူက ဆိုပါတယ်။

NVC ကတ်ပြား စိစစ် ထုတ်ပေးရေး ဦးဆောင် အဖွဲ့အနေနဲ့ စည်းရုံးတဲ့ နည်းလမ်း၊ ဥပဒေ အရ အကာအကွယ် ပေးတဲ့ နည်းလမ်းတွေ နဲ့ ကတ် ထုတ်ယူမှု ကိစ္စတွေကို တဆင့်ပြီး တဆင့် အချိန်ယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ဦးမြင့်ကြိုင် က ပြောကြား ခဲ့ပါတယ်။