အရှုံးပေါ်နေတဲ့ အစိုးရ လုပ်ငန်းတွေအတွက် ဘဏ္ဍာငွေတောင်းခံ

ဓာတ်ပုံ ရင်းမြစ်, Hluttaw
အစိုးရပိုင် လုပ်ငန်းတွေအတွက် သုံးစွဲမဲ့ ငွေ ပမာဏဟာ ကျပ်ငွေ ဘီလီယံ ၆၀၀ နီးပါးရှိ
NLD အစိုးရ အဖွဲ့ရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွက် တောင်းခံ ထားတဲ့ အသုံးစရိတ်တွေထဲမှာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်း လုပ်ငန်း တွေအတွက်လဲ ပါဝင်တယ်။
NLD အစိုးရ တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲမှာ အရှုံးပေါ်နေတဲ့ အစိုးရပိုင် လုပ်ငန်းတွေအတွက် သုံးစွဲမဲ့ ငွေ ပမာဏဟာ ကျပ်ငွေ ဘီလီယံ ၆၀၀ နီးပါးရှိပါတယ်။
အရှုံးပေါ်နေတဲ့ ဝန်ကြီးဌာန တွေထဲမှာတော့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန က မြန်မာ့မီးရထား၊ မြန်မာ့ စာတိုက် လုပ်ငန်းတို့ အတွက် ဘီလျံ ၁၀၀ ကျော်၊ စက်မှု ဝန်ကြီး ဌာန အောက်မှာ ရှိတဲ့ အမှတ် ( ၁-၂- ၃) အကြီးစားစက်မူ လုပ်ငန်း တွေ အတွက် ၂၇ ဘီလျံ၊ စွမ်းအင်နဲ့လျှပ်စစ်ဝန်ကြီး ဌာနအောက်မှာ ရှိတဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး အတွက် ဘီလျံ ၄၂၀ ကျော်တို့တောင်းခံထားတာပါ။
ဒီလို အရှုံးပေါ်နေတဲ့လုပ်ငန်းတွေကို ကော်ပိုရေးရှင်းတွေ အဖြစ်ပြောင်းလဲပြီးပုဂ္ဂလိက နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ရှိပေမဲ့ လောလောဆယ် ဥပဒေမရှိတဲ့အတွက် ဘဏ္ဍာငွေကို ထပ်တောင်း ရတာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီး ဌာန လက်ထောက် အတွင်းဝန် ဦးအောင်ရဲထွန်းက ပြောပါတယ်။
ဒီလုပ်ငန်းတွေဟာ ဦးသိန်းစိန်အစိုးရ လက်ထက် ကတည်းက အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေဖြစ်ပြီး၊ အစိုးရအဖွဲ့အနေနဲ့ဘဏ္ဍာငွေ တောင်းခံတဲ့ အခါတိုင်း NLD ကိုယ်စားလှယ် အချို့ က ကန့်ကွက် ဆွေးနွေးခဲ့ကြဖူးပါတယ်။
အခု လို NLD အစိုးရအဖွဲ့အနေနဲ့တောင်းခံလာတာနဲ့ ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်း မှုတွေ လုပ်ရမှာ ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန ကိုစစ်ဆေးတဲ့ အဖွဲ့ ခေါင်းဆောင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးဘမျိုးသိန်း က ပြောပါတယ်။
အခုလို နှစ်စဉ် အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေ အတွက် နိုင်ငံတော်က ဘဏ္ဍာငွေ နှစ်စဉ် ပေးနေရမယ်ဆို၇င် ဘဏ္ဍာလိုငွေ ပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေမှာ ဖြစ်သလို့ငွေကြေးဖောင်းပွမှုတွေလည်း ဖြစ်လာနိုင်တယ်လို့လေ့လာ သူအချို့ ကသုံးသပ်နေပါတယ်။