မောင်တောမှာ ညမထွက်ရ အချိန် လျှော့ချ

ဓာတ်ပုံ မူပိုင် EPA
Image caption မောင်တော ခရိုင် အတွင်းမှာ တည်ငြိမ်လာပြီလို့ ပြည်နယ် အစိုးရပြော

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တော ခရိုင် အတွင်းမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အချိန်ကို ဖေဖော်ဝါရီ ၉ ရက်က စပြီး အချိန် လျော့ချလိုက်ပါတယ်။

အရင်က ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို မောင်တောခရိုင် တစ်ခုလုံးမှာ ညနေ ၇ နာရီကနေ နံနက် ၅ နာရီ အထိ သတ်မှတ်ထားခဲ့ထားတာပါ။

အခုတော့ ညမထွက်ရ အမိန့်ကို ည ၉ နာရီက နေ နံနက် ၅ နာရီ ထိသာ သတ်မှတ်ကြောင်း မောင်တော ခရိုင် အုပ်ချုပ် ရေးမှူးရုံးက အမိန့် ထုတ်ပြန် လျှော့ချ ပေးလိုက်ပါတယ်။

နယ်မြေ ဒေသခံတွေ လုပ်ကိုင် စားသောက်ရာမှာ အချိန် အဆင်ပြေ စေဖို့ အချိန်ပြင်ဆင် သတ်မှတ် ပေးတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

ညမထွက်ရ အမိန့်ကို အရင်က ညနေ ၇ နာရီကနေ နံနက် ၅ နာရီထိ သတ်မှတ် ထားကြောင့် ရောင်းဝယ် ဖောက်ကားမှုကို အကြီးအကျယ် ထိခိုက် ခဲ့ပြီးလူထု အတွင်း စီးပွားရေး အကျပ် အတည်းတွေ အများကြီး ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် မောင်တော ဒေသခံတွေက ညမထွက်ရ အမိန့်ကို လျှော့ပေးဖို့ တောင်းဆို တာတွေ ရှိခဲ့ ပါတယ်။

အခု ည မထွက်ရ အမိန့် အချိန် လျှော့ချတာကို ဒေသခံတွေက ကြိုဆိုပေမဲ့ လုံခြုံရေးကို သတိထားဖို့လိုတယ်လို့ ပြောကြပါတယ်။

ပြည်နယ် အစိုးရ ကတော့ အခု လုံခြုံရေး အခြေအနေက အရင်ထက် ပိုမို တည်ငြိမ် ကောင်းမွန် လာနေပြီလို့ ပြောပါတယ်။

ရခိုင်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခ တွေကြောင့် ထုတ်ပြန်ထားခဲတဲ့ ညမထွက်ရ အမိန့်ကို တဖြည်း ဖြည်း လျော့ပေါ့ လာရာက အောက်တိုဘာလ ၉ ရက်နေ့ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်းမှာ ထပ်မံ တိုးမြှင့် တင်းကျပ်ခဲ့ ပါတယ်။