ဖားကန့် မြေစာပုံ ပြိုကျမှု ၉ ဦးသေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ကုမ္ပဏီတွေက စက်ယန္တရား အင်အားများများနဲ့ ပွင့်လင်းမြင်သာမှုမရှိပဲ လုပ်ကိုင်နေပြီး မြေစာပုံတွေ နိမ့်နိမ့်မထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိမ့်မူ ကျေးရွာအုပ်စု နမ့်မှော် ကျေးရွာနားက မင်္ဂလာ တော်ဝင် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ ကျောက်စိမ်း လုပ်ကွက်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က စွန့်ပစ်မြေစာပုံ ကမ်းပါးပြိုကျခဲ့တဲ့ အတွက် ရေမဆေးကျောက် ရှာဖွေသူ ၉ ဦးသေဆုံးပြီး ဒဏ်ရာရသူ တဦးကို ဆေးရုံတင်ထားရပါတယ်။
ပြိုကျတဲ့ မြေစာပုံဟာ အမြင့်ပေ ၃၀ဝ လောက်ရှိပြီး ည ၁၁ နာရီလောက်မှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။
အခုလို ပြိုကျခဲ့တဲ့ မြေစာပုံဟာ မြေသားလမ်းပေါ်ကတဆင့် ကျောက်တူးနေတဲ့ ကျင်းတကျင်းထဲကို ပြိုကျခဲ့တာလို့ ဆိမ့်မူရဲစခန်းမှူး ရဲအုပ် ထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူတွေ ရှာဖွေမှုကို နောက်တနေ့ မနက် ၁၁ နာရီမှာ ရပ်ဆိုင်းခဲ့တယ်လို့ သူကပြောပါတယ်။
ရဲတွေဘက်က အခုလို ရှာဖွေမှုတွေ ရပ်ဆိုင်းလိုက်ပေမယ့် ပြိုကျတဲ့အချိန် ဒီကျင်းထဲမှာ ရေမဆေးကျောက် ရှာဖွေသူတွေ အယောက် ၅၀ နီးပါးလောက်ရှိနိုင်ပြီး သေဆုံးသူ ဒီထက် များနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့် ကျောက်စိမ်းတွင်းဒေသက ကုမ္ပဏီလုပ်ကွက်တွေမှာ မကြာခဏဆိုသလို ကျောက်တောင် ကမ်းပါးပြိုကျတာတွေ စွန့်ပစ်မြေစာပုံ ပြိုကျတာတွေနဲ့ လူသေဆုံးမှုတွေ ရှိနေပါတယ်။
အခုလို ဖြစ်နေရတာဟာ ကုမ္ပဏီတွေက စက်ယန္တရား အင်အားများများနဲ့ ပွင့်လင်းမြင်သာမှုမရှိပဲ လုပ်ကိုင်နေပြီး မြေစာပုံတွေ နိမ့်နိမ့်မထားတဲ့အတွက် ဖြစ်တယ်လို့ ဖားကန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ဘီဘီစီကို ပြောပါတယ်။
လောလောဆယ်မှာ ကျောက်မျက်ဥပဒေ အတည်ပြု ထွက်ပေါ်လာတာ မရှိသေးသလို ကျောက်မျက်တူးဖော်တဲ့ စက်ယန္တားရားတွေနဲ့ ပတ်သက်လို့လည်း တိကျတဲ့ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေ ထုတ်ပြန်တာတွေ မရှိသေးပါဘူး။
ဒါ့အပြင် ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ ပတ်သက်လို့ ကန့်သတ်တာတွေ လုပ်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာပိုင်တွေဘက်က ပြောပေမယ့် ဖားကန့်မှာ မြေစာပုံပြိုကျမှုတွေနဲ့ လူသေဆုံးမှုတွေကတော့ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။