ဂျပန် လုံခြုံရေး ကန် အကာအကွယ် ပေးမယ်လို့ ထရမ့် ဆို

အာဘေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဂျပန် ဝန်ကြီးချုပ် (ဝဲ) နဲ့ ကန်သမ္မတ ( ယာ )

အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ တွေ့ဆုံခဲ့ကြပြီးတော့ လုံခြုံရေး နဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စရပ် ကိုအဓိက ထားပြီး ဆွေးနွေး ခဲ့ကြပါတယ်။

ထရမ့် သမ္မတ တာဝန်ယူပြီး နောက်ပိုင်း ပထမဆုံး နိုင်ငံခြား ခေါင်းဆောင်က ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေ ဖြစ်ပြီး အခု ဂျပန် ဝန်ကြီးချုပ် ဟာ ဒုတိယမြောက် နိုင်ငံခြား ဧည့်သည်တော် ဖြစ်ပါတယ်။

သမ္မတ ထရမ့်က ဂျပန်ရဲ့လုံခြုံရေးအတွက် သူတို့ကူညီဖို့ရာ စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြောင်း အာမခံ ပြောကြားခဲ့ သလို နှစ်နိုင်ငံ မဟာမိတ်ဖြစ်မှုက ပစ္စဖိတ် ဒေသအတွင်း လုံခြုံရေးအတွက် အခြေခံအုတ်မြစ်ပဲလို့လည်း ဆိုပါတယ်။

ဒါ့အပြင် အမြောက်ကိုရီးယား ရဲ့ နျူကလီယားခြိမ်းခြောက်မှု အရေး ကြီး ကိစ္စအဖြစ်ထားတယ်လို့ လည်း သူ က ပြောပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကိစ္စတွေမှာတော့ မျှတမှုလိုတယ် လို့ သူကတောင်းဆိုထားပြီး ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေးကလည်း နှစ်ဘက်ကြား ဆက်ဆံဆောင်ရွက်မှုတွေရဲ့ ခေတ်သစ် ကို ရှာဖွေနိုင်မယ်၊ နှစ်နိုင်ငံကြား စီးပွားဆက်ဆံရေးကို အားကောင်းအောင်လုပ်ဖို့ အလေးထားကြောင်း ပြောပါတယ်။

ဂျပန်အနေနဲ့ မနှစ်က အမေရိကန်မှာ ဒေါ်လာ ဘီလီယံ ၁၅၀ လောက် ရင်းနှီး မြုပ်နှံ ထားပြီး အဲဒီ ကနေ အမေရိကန်တို့ရဲ့ အလုပ်အကိုင်အများအပြားကို ဖန်တီးပေးထား ပါတယ်လို့ သူက ဆိုပါတယ်။

နှစ်ဖက်အကျိုးများစေရေး သူ က ပြောရင်း အမြန်ရထားစီမံကိန်းအပါအဝင် အခြေခံအဆောက်အအုံ စီမံကိန်းတွေ သမ္မတ ထရမ့် ကလုပ်မယ်လို့ သူယုံကြည်ထားကြောင်းလည်း ပြောပါတယ်။

အရင်တုန်းက မက္ကဆီကို ဖက်မှာ တိုယိုတာ ကားကုမ္ပဏီ တည်ထောင်မယ့် စီမံချက်ကို အဲဒီအချိန် က သမ္မတလောင်းအဖြစ် အရွေးခံဖို့ပြင်နေတဲ့ မစ္စတာ ထရမ့်က အဲလိုလုပ်လို့မရဘူး၊ အမေရိကန်မှာ လာထောင်ရင် ထောင်၊ မထောင်ရင်အမေရိကန် ဆီကို အဲဒီ မက္ကဆီကို က တိုယိုတာတွေသွင်းလာရင် အခွန်တွေ အများကြီးတိုးကောက်မယ် လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျပန်မှာ အမေရိကန် က ကုန်သွယ်ရေးလိုငွေ ပြတဲ့အရေးနဲ့ ပတ်သက်လို့လည်း ဂျပန်ဟာ သူ့နိုင်ငံက ပြည်ပကို ထုတ်လုပ်တင်သွင်းသူတွေဟန်ကျ အသာရအောင် ယန်းငွေ စျေးကို တမင်ချထားတာလို့ လည်း စွပ်စွဲ ခဲ့ဘူးတာ ဖြစ်ပါတယ်။

အခုတော့ အမေရိကန်နဲ့ ဂျပန်အကြား အရင်အတိုင်း လုံခြုံရေး ဆိုင်ရာ စီးပွားရေးဆိုင်ရာ မဟာမိတ် ပုံစံ နဲ့ ဆက်လက် လက်တွဲမယ့် လက္ခဏာတွေကို သေချာအောင် ပြသနေပါတယ်။