YBS က လက်တွေ့မှာ လိုအပ်ချက်တွေ ရှိနေ

ရန်ကုန်
ဓာတ်ပုံ ပုံစာ,

ကားစီးရေ ဖြည့်တင်းဖို့ နဲ့ ယာဉ် လုပ်သား တွေကို လစာ ပေးတဲ့ စနစ်၊ ငွေပေးကတ် နဲ့ ယာဉ်စီးခ ပေးချေတဲ့ စနစ် တွေကို အမြန် ကျင့်သုံးဖို့ လိုအပ်

ရန်ကုန်မြို့တွင်း ပြောင်းလဲပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေကို တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က ပြောပါတယ်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ဝိုင်ဘီအက်စ် ယာဉ်လိုင်းတွေကို ခရီးသည် တွေဘက်က တိုင်ကြားမှုတွေ အများဆုံးရှိနေတာ ဖြစ်ပါတယ်။

ယာဉ်စည်းကမ်း လမ်းစည်းမလိုက်နာတာတွေ၊ ခရီးသည်တွေကို ယာဉ်မောင်း ယာဉ် နောက်လိုက် တွေက မချေမငံပြောဆိုဆက်ဆံတာတွေ အပေါ် တိုင်ကြားချက်တွေဖြစ်ပြီး ယာဉ်လိုင်း ဆွဲခွင့် ရပ်ပစ်တဲ့ အထိ အရေးယူ ဆောင်ရွက်တာတွေရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ဝင် ဦးလှအောင်က ပြောပါတယ်။

အခုချိန်အထိ တိုင်ကြားမှုပေါင်း ဘယ်လောက်ရှိလဲဆိုတာကိုတော့ ဦးလှအောင်က တိတိကျကျ ပြောကြားခြင်းမရှိပါဘူး။ လောလောဆယ် ဘတ်စ်ကားလိုင်းတွေရဲ့ စည်းကမ်း ပိုင်းကို အာဏာပိုင်တွေဘက်က ကြပ်ကြပ်မတ်မတ် ဆောင်ရွက် နေတယ်ဆိုပေမယ့် ခရီးသည်တွေကတော့ သွားလာရေးမှာ အခက်ခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။

ကားအဆင့်ဆင့် ပြောင်းစီးရလို့ ခရီးစရိတ် ပိုမိုကုန်ကျရတယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ယာဉ်လိုင်း ကုမ္ပဏီတွေကို မေးရာမှာတော့ သူတို့အနေနဲ့ ယာဉ်လိုင်းပြေးဆွဲရာမှာ အခက်ခဲတွေရှိနေပြီး ဝိုင်ဘီအက်စ်စနစ်ဟာ လက်တွေ့မှာ လိုအပ်ချက်အများကြီးရှိတယ်လို့ ပြောပါတယ်။

မထသ တံဆိပ် ကနေ YBS တံဆိပ် ပြောင်းသွားတဲ့ အခြေအနေမျိုးပဲ ရှိနေပြီး၊ ကားစီးရေ ဖြည့်တင်းဖို့ နဲ့ ယာဉ် လုပ်သား တွေကို လစာ ပေးတဲ့ စနစ်၊ ငွေပေးကတ် နဲ့ ယာဉ်စီးခ ပေးချေတဲ့ စနစ် တွေကို အမြန် ကျင့်သုံးဖို့ လိုအပ်နေကြောင်း ပါဝါအလဲဗင်း အများပိုင်ယာဉ်လိုင်းကုမ္ပဏီက အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေး က ပြောပါတယ်။

ကားပြေးဆွဲတာ နည်းနေတာနဲ့ ပတ်သက်လို့တော့ လာမယ့် မတ်လကုန်မှာ အစီးရေ (၁၀၀၀) လောက် ရောက်လာပြီး ပြေးဆွဲပေးဖို့ ရှိတယ်ဆိုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောထားတာတော့ ရှိပါတယ်။

ဒါပေမယ့် ခရီးသည်တွေ အဆင်ပြေ စေဖို့ နဲ့ ဘတ်စကားတွေရဲ့ စည်းကမ်း မလိုက်နာတာတွေကို ဖြေရှင်းဖို့ တွေကတော့ အချိန်ယူ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။