ခါကာဘိုရာဇီ ကမ္ဘာ့အမွေအနှစ် ဖြစ်လာဖို့ ကြိုးစားနေ

ဓာတ်ပုံ မူပိုင် Google
Image caption ခါကာဘိုရာဇီဒေသမှာ မျိုးစိတ်သစ်တွေ တွေ့ရတဲ့အပြင် သဘာဝအတိုင်းရှိနေတဲ့အတွက် အလားအလာ ကောင်းမွန်

မြန်မာနိုင်ငံအနေနဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ သဘာဝအမွေအနှစ် သတ်မှတ်ခံစေရဖို့ ကြိုးစားနေတဲ့ ဒေသ ၇ ခုရှိပြီးတော့ အဲဒီထဲကမှ ခါကာဘိုရာဇီဒေသဟာ အသိအမှတ်ပြုခံရဖို့

အလားအလာ အတော်များတဲ့အကြောင်း ပတ်ဝန်းကျင်နဲ့ သစ်တောဆိုင်ရာ ညွှန်ကြားရေးမှူး ဦးကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

ကမ္ဘာ့ သဘာဝအမွေအနှစ် သတ်မှတ်ခံနိုင်ရေးအတွက် လုပ်ငန်းစဉ်တွေ ရှိရာမှာ ယူနက်စကို က ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း က ကွင်းဆင်း စစ်ဆေးခဲ့ပြီးတဲ့နောက် ပိုင်း ထုတ်ပြန်တဲ့ သုံးသပ် အစီရင်ခံစာ တွေ မှာလည်း ခါကာဘိုရာဇီဒေသမှာ မျိုးစိတ်သစ်တွေ တွေ့ရတဲ့အပြင် သဘာဝအတိုင်းရှိနေတဲ့အတွက် အလားအလာ ကောင်းမွန်တဲ့အကြောင်း သူ က ဆက်ပြောပြပါတယ်။

ဒီလို သတ်မှတ်ရေးအတွက် နော်ဝေးနိုင်ငံ ပတ်ဝန်းကျင်ရေးရာ အေဂျင်စီ၊ နော်ဝေး ကမ္ဘာ့ သဘာဝအမွေအနှစ် ဖောင်ဒေးရှင်းနဲ့ ယူနက်စကိုတို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

ယူနက်စကို က Natural World Hertage ကမ္ဘာ့ သဘာဝအမွေအနှစ် အသိအမှတ်ပြုမယ်မပြုဘူး ဆုံးဖြတ်မှာကတော့ ၂၀၁၈ လောက်မှာ ဖြစ်နိုင်ပြီးတော့ အခုလို စံတွေနဲ့ညီမညီ စစ်ဆေးတဲ့နေရာမှာ သဘာ၀ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ကိုထိန်းသိမ်း ဖို့ ကတိကဝတ်ပြုဖို့နဲ့ နိုင်ငံတကာ စံချိန်နဲ့အညီ ကောင်းမွန်အောင်ထိန်းသိမ်းဖို့ ကလည်း အရေးကြီးတဲ့အချက်တွေ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံက တခြား ကမ္ဘာ့ သဘာဝအမွေအနှစ် သတ်မှတ်ခံရဖို့ ကြိုးစားနေတဲ့ နေရာတွေကတော့ ဟူးကောင်း ချိုင့်ဝှမ်း တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးကန် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ချင်းပြည်နယ်မှ နတ်မတောင် အမျိုးသား ဥယျာဉ်၊ တနင်္သာရီတိုင်းမှ တနင်္သာရီဆက်စပ် သစ်တောဒေသ၊ ဧရာဝတီမြစ်ဝှမ်းစင်္ကြန်နှင့် မြိတ်ကျွန်းစုဒေသတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ