၂၁ ပင်လုံမှာ အားလုံးပါဝင်ရေး တိုင်းရင်းသားတွေ ဆွေးနွေး

မြန်မာ
ဓာတ်ပုံ ပုံစာ,

NCA စာချုပ် မှာ လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ဖို့ ထပ်မံ ပြောဆိုခဲ့

ပင်လုံမှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသား လူငယ် ၁၁ ဦးတို့ ဟာ ပင်လုံ ကျောက်တိုင် ဘေးက ဗိုလ်ချုပ် အောင်ဆန်း စာဖတ် ခဲ့တဲ့ ညောင်ပင် အောက်မှာ ငြိမ်းချမ်းရေး စကားဝိုင်း ကို ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်းရင်းသား ၁၁ ဦး တို့ဟာ စကားဝိုင်းဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး အဲဒီတိုင်းရင်းသား ၁၁ ဦးထဲက အများစု ဟာ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်နေသူတွေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး စကားဝိုင်းမှာတော့ တိုင်းရင်းသား ဒေသတွေမှာ မြန်မာ့ တပ်မတော် က လုပ်နေတဲ့ ထိုးစစ် တွေရပ်ဖို့နဲ့ ၂၁ရာစု ပင်လုံ ညီလာခံမှာ အားလုံး ပါဝင်ခွင့်ပြုဖို့ ဆွေးနွေး ခဲ့ကြပါတယ်။

စစ်ရှိန်တွေ မြင့်လာတာနဲ့ အမျှ၊ ထိုးစစ်တွေ တိုးမြှင့် လာတာနဲ့ အမျှ တိုင်းရင်းသား တွေ အကြားမှာ အမုန်းတရားတွေ ပိုမို များလာတာကိုတွေ့ရပြီး အဲဒါတွေကို ရပ်တန့်ဖို့ အတွက် ထိုးစစ် တွေကို ရပ်ဆိုင်းဖို့ လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသား ဦးဦးအောင်သန်းက ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့ NCA စာချုပ် မှာ လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ဖို့ ထပ်မံ ပြောဆိုခဲ့ ပါတယ်။

တိုင်ပင်ဆွေးနွေး အဖြေရှာခြင်းဟာ မြန်မာ နိုင်ငံမှာ အားနည်းခဲ့တဲ့ အတွက် တိုင်းရင်းသား တွေ အနေနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ငြိမ်းချမ်းရေး အဖြေရှာ ဖို့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ တိုက်တွန်းရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NCA စာချုပ်ကိုလက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲမှာပါဝင်ဖို့ပြော နေပေမယ့် လက်ရှိမှာတော့ NCA စာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ CNF ချင်းအမျိုးသားတပ်ဦးနဲ့ရခိုင်အဖွဲ့တွေဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရသေးပါဘူး။

အားလုံးပါဝင်ရေးမှာလဲ အချို့အဖွဲ့တွေအတွက် ကန့်သတ်ချက် တွေ ရှိနေတဲ့အတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ အားလုံး ပါဝင်ရေး ကတော့ လောလောဆယ် မဖြစ်နိုင်သေးဘူး လို့ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူအချို့က ပြောကြားနေပါတယ်။