ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ခွင့်ရပြီ

ချင်း

ဓာတ်ပုံ ရင်းမြစ်, CNF

ဓာတ်ပုံ ပုံစာ,

၂၀၁၅ NCA ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ချင်းအမျိုးသား တပ်ဦး က ကိုယ်စားလှယ်များ

ချင်းပြည်နယ်မှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေ ကျင်းပခွင့် ရပြီ ဆိုတာ ကို ငြိမ်းချမ်းရေး ကောင်စီ က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အကြောင်း ကြား ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ဘီဘီစီကို ပြောပါတယ်။

အစောပိုင်းတုန်း က ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံအစည်းအဝေး မတိုင်ခင် လုပ်ခွင့်မရ မပေးခဲ့ တဲ့အတွက် ချင်း နိုင်ငံရေးအသိုင်းအဝိုင်းက မကျေမနပ် ဖြစ်နေကြတာပါ။

ချင်းပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်းစု ထားတဲ့ ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှု ပူးပေါင်းကော်မီတီ က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် ကပဲကြေညာချက်ထုတ် ကာ ဆွေးနွေး ပွဲအတွက် တောင်းဆို ထားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲကျင်းပခွင့် ပေးတဲ့ အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိကြောင်း နဲ့ အဲဒီ အတွက် ကျေးဇူး တင်ကြောင်း ကိုလည်း ချင်းအမျိုးသား တပ်ဦး ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ပြောပါတယ်။

NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဒေသတွေမှာ အဆင်သင့် ဖြစ်ရင် ဆွေးနွေးပွဲတွေ ကျင်းပ နိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC က အောက်တိုဘာမှာ ဆုံးဖြတ် ထားခဲ့တာပါ။

အဲဒီ ဆုံးဖြတ်ချက်ကြောင့် ကရင်ပြည်နယ် နဲ့ တနင်္သာရီ တိုင်း နဲ့ နေပြည်တော်မှာ နိုင်ငံရေး ဆွေးနွေးပွဲ တွေ ကျင်းပ နိုင်ခဲ့ပြီး ရှမ်းပြည်နယ် က RCSS ဒေသ နဲ့ ပအိုဝ်း PNLO တို့ရဲ့ ဒေသမှာ ကျင်းပဖို့ကိုလည်း တပ်မတော်က သဘောတူညီထားပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပ ခဲ့တဲ့ UPDJC အစည်းအဝေးမှာ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် က အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပ နိုင်ဖို့ အစိုးရ အနေနဲ့ ဆက်လက် ကြိုးပမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ချင်း နိုင်ငံရေး အသိုင်း အဝိုင်းက စိုးရိမ်ပူပန် ခဲ့ကြတာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ် ဆွေးနွေး ပွဲတွေ မတိုင်ခင်မှာ ချင်းပြည်နယ် မှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ ချင်း နိုင်ငံရေး အသိုင်း အဝိုင်း က လိုလားနေတာလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ် အတွင်းမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးမှု ကြီးကြပ်ရေး ကော်မတီ ကို ဖွဲ့စည်း ခွင့် ရဖို့ အတွက် ကြိုးစား သွားမှာ ဖြစ်ပြီး အဲဒီ အတွက်လည်း အဆင့်သင့် ရှိနေပြီ ဖြစ်ကြောင်း နဲ့ ဆွေးနွေးပွဲ တွေကို ဖေဖော်ဝါရီလ မကုန်ခင်မှာ ကျင်းပနိုင်မှာ ဖြစ်ကြောင်း ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောပါတယ်။