ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ပျံလွန်

monk

ဓာတ်ပုံ ရင်းမြစ်, မဟာဝိသုဒ္ဓါရုံတိုက်သစ်

ဓာတ်ပုံ ပုံစာ,

ဗုဒ္ဓဂါယာမှာ ဒလိုင်လားမားနဲ့အတူ ဖူးတွေ့ရစဉ်

မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝါဆိုကျောင်းက ရွှေကျင်ဂိုဏ်း သာသနာပိုင် ဆရာတော် ဥုးအဂ္ဃိယ သက်တော် ၁ဝဝ မှာ ပျံလွန်တော်မူသွားပါတယ်။

ဆရာတော်ကြီးဟာ နဝမ ရွှေကျင် သာသနာပိုင် စံကင်းဆရာတော်ကြီးရဲ့ တူတော်စပ်ပြီး ဝိသုဒ္ဓါရုံတိုက်သစ် တိုက်အုပ်၊ ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင်ချုပ် စတဲ့ တာဝန်တွေ ယူခဲ့ပါတယ်။

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ စတဲ့ သာသနာဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်တွေကိုလည်း ရရှိခဲ့ပြီး ညောင်ရွှေကန်ကြီး ဆရာတော် နောက်ပိုင်း ၁၄ ဆက်မြောက် ရွှေကျင်သာသနာပိုင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

ဆရာတော်ကြီးဟာ ၂ဝ၁၂ ခုနှစ်က မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပြေငြိမ်းဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကော်မတီ မှာလည်း သြဝါဒပေး ချီးမြှင့်ခဲ့ပြီး မြို့လူထုရဲ့ ကြည်ညိုမှုကိုလည်း ရရှိခဲ့ပါတယ်။

ဆရာတော်ကြီး မရှိတဲ့နောက် ဝိသုဒ္ဓါရုံသူဌေးကျောင်း ဆရာတော်နဲ့ သီတဂူဆရာတော် တို့က တွဲဘက် သာသနာပိုင်တွေ အနေနဲ့ ဂိုဏ်းကို အုပ်ချုပ်နေကြပါတယ်။

သီတဂူဆရာတော် နဲ့ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာတို့ ဦးဆောင်ပြီး တပည့်သံဃာ လူဒကာအပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ စည်းဝေးတိုင်ပင်ခဲ့ကြပြီး ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ ရွှေမန်းတောင် အားကစားကွင်းမှာ ဈာပန အခမ်းအနားနဲ့ ပူဇော်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရွေကျင်ဆရာတော်ကြီး ဟာ စစ်ကိုင်းမြို့နယ် လင်းယဉ်ရွာမှာ မွေးဖွားပြီး မွေးချင်း ၁ဝ ယောက်အနက် ၅ ယောက်မြောက် သားဖြစ်ပြီး ငယ်နာမည် မောင်အောင်ဆန်းဖြစ်ပါတယ်။

၁၁ နှစ်မှာ ကိုရင်ဝတ်ခဲ့ပြီး ပရိယတ္တိ ပဋိပတ္တိ တို့ကို ဆည်းပူးလေ့လာ သင်ကြားပို့ချရင်း မြန်မာသက္ကရာဇ် ၁၃၆၅ ခုနှစ်မှာ ရွှေကျင်သာသနာပိုင်ဖြစ်ခဲ့ပါတယ်။