လက်ပံတောင်း ကြေးနီ စီမံကိန်းက သတ္တုတွင်း ဌာနအတွက် ဝင်ငွေ အများဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၃ ခုနှစ်က လက်ပံတောင်းတောင် စီမံကိန်းကို တောင်သူတွေ ကန့်ကွက်ခဲ့

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ကနေ ၂၀၁၆ မေလ ကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လကုန် အထိ ၉ လ အတွင်း ဒေါ်လာသန်း ၂၀ နီးပါး အစိုးရက အကျိုး အမြတ် ရ မှာ ဖြစ်ကြောင်း သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့ လွှတ်တော်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က လာရောက် ရှင်းပြခဲ့ ပါတယ်။

အဲဒီ အကျိုး အမြတ်တွေ ထဲမှာ လုပ်ငန်း လုပ်ခွင့်ရ ကုမ္ပဏီ တွေက အမှန်တကယ် ရောင်းရတဲ့ ငွေပေါ်မှာ ပေးသွင်း ရမယ့် ကုန်သွယ် လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်၊ သတ္တုခွန် တွေလည်း ပါဝင်ပါတယ်။

ထုတ်လုပ် ရရှိတဲ့ သတ္တု ပစ္စည်းတချို့ တဝက်လည်း နိုင်ငံတော်က ရမှာ ဖြစ် ပါတယ်။

ကြေးနီ စီမံကိန်း ကနေ အစိုးရက ၅၁% တရုတ် ဝမ်ပေါင် သတ္တုတွင်း ကုမ္ပဏီက ၃၀% နဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လိမီတက်က ၁၉% အကျိုး အမြတ် ဝင်ငွေတွေ ရနေတာ ဖြစ်ပါတယ်။

ဖက်စပ် စီမံကိန်းတွေ အရ တကောင်း နီကယ် စီမံကိန်းလည်း ရှိကြောင်းနဲ့ လက်ပံတောင်း ဝင်ငွေ ကတော့ အများဆုံး ပဲလို့ အမှတ် ၁ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကို ကဘီဘီစီကို ပြောပါတယ်။

ဝမ်ပေါင်ရတဲ့ အမြတ်ငွေနဲ့ ဦးပိုင်အမြတ်ငွေကိုတော့ လောလောဆယ် လက်ထဲမှာ စာရင်းဇယား မရှိသေးတဲ့ အတွက် အတိအကျ မပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။

တကယ်တော့ ဒီကြေးနီ စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ သာမက မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးတွေ နဲ့ ပတ်သက်လို့ ဒေသခံ ရွာသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

စီမံကိန်း စတဲ့ ၂၀၁၁ ခုနှစ်ကစပြီး ဒေသခံ ပတ်ဝန်းကျင် အနီးတဝိုက် ထူထောင်မှုတွေ စလုပ်မယ်လို့ ပြောပေမဲ့ ဆန္ဒပြမှုတွေကြောင့် ရပ်ခဲ့ရပါတယ်။

ဆန္ဒပြ တောင်းဆို မှုတွေ အရင်ကလောက် မရှိတော့ ပေမဲ့ မြေယာ လျော်ကြေး သီးနှံ လျော်ကြေးမယူဘဲ စီမံကိန်း ရပ်ပေးဖို့ ကန့်ကွက် နေတဲ့ ဒေသခံရွာသား တချို့တော့ ရှိနေပါသေးတယ်။