တရားမဝင် ကျောက်စိမ်း တန် ၂၀ ဖမ်းဆီးရမိ

Image caption ဖားကန့် ကျောက်တွင်း မြင်ကွင်း

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညက ဖားကန့်ကနေ နန့်ယား မိုးကောင်း အတိုင်း မန္တလေး ဘက်ကို မောင်းလာတဲ့ ကုန်တင်ကားကြီးတွေကို မိုးညှင်း အထွက် စစ်ဆေးတဲ့ အခါ ကားအောက် မှာ ဝှက်ပြီး သယ်ဆောင်လာတဲ့ ကျောက်စိမ်း တုံးတွေကို ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

ဖားကန့် ကနေ နန့်ယား၊ မိုးကောင်း၊ မိုးညှင်း လမ်းကြောင်း အတိုင်း မန္တလေး ဘက် ကို မောင်းနှာင် လာတဲ့ ခြောက်ဘီးယာဉ် ၅ စီး၊ ဆယ်ဘီး ယာဉ် ၂ စီး နဲ့ ဆယ့်နှစ်ဘီး ကား တစ်စီး တို့ ကို စစ်ဆေး ရာမှာ တန်၂၀ ခန့် ရှိတဲ့ ကျောက်စိမ်း တွေကို ဖမ်းဆီး ရမိခဲ့တာ ဖြစ်ကြောင်း မိုးညှင်း ရဲစခန်း တာဝန်ကျ ရဲ အရာရှိက ပြောပါတယ်။

ဆယ့်နှစ်ဘီး ကားကြီးတွေထဲမှာ တရားဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်း တုံးတွေကို ပြပြီး ကားအောက်မှာ ဖွက်သယ်လာတာတွေကို စစ်ဆေးတွေ့ရှိရတဲ့ အကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး အရာရှိကလည်း ရှင်းပြပါတယ်။

လက်ရှိမှာ အဲဒီ ကားတွေနဲ့ အတူပါတဲ့ လူအယောက် သုံးဆယ် နီးပါးကို စစ်ဆေး နေသလို ကျောက်စိမ်းတွေကိုလည်း စစ်ဆေး နေဆဲ ဖြစ်တာကြောင့် တန်ချိန် ဘယ်လောက်လဲ ဆိုတာ အတိအကျ မမှန်းနိုင်ပေမဲ့ ဒေသခံတွေ ပြောနေတဲ့ တန်ချိန် ၂၀ ဆိုတာ ထက်ကို အဆမတန် ပိုများနိုင် တယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ ကားတွေကတော့ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ နှစ်ခုက ဖြစ်ပြီး သူတို့ကို ကျောက်မျက် ဥပဒေ ၄၂ (က) နဲ့ အရေးယူ အမှုဖွင့် ထားတယ်လို့ မိုးညှင်း ရဲစခန်းက အရာရှိက ပြောပါတယ်။

အခု ဖမ်းမိတဲ့ ကျောက်စိမ်းတွေဟာ ဒီ အစိုးရ လက်ထက်မှာ အများဆုံး ပမာဏ ဖမ်းမိတာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာ ကတော့ သတင်းအရ ရှာဖွေရင်း ဖမ်းမိတဲ့ ကျောက်စိမ်းတုံးတွေ ဖြစ်ပေမယ့် အခုလို အချိန်မီ မဖမ်းနိုင်ဘဲ လက်လွတ်သွားရတဲ့ အရေအတွက် ဒီထက်မက အဆများစွာ ရှိနိုင်မယ်လို့ ဒေသခံတွေက တွက်ချက် ခန့်မှန်းနေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ