KNU နဲ့ KIO ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် အတွက် ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, EPA
NCA မှာ လက်မှတ်ရေးထိုးကြဖို့ ပြည်ထောင်စုနေ့က ဒေါ်အောင်ဆန်း စုကြည် ထပ်မံ တိုက်တွန်း
ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူး ဆေးဖိုးနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့က ဗဟိုကော်မတီဝင်တွေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လိုင်ဇာမှာ တွေ့ဆုံ ခဲ့ကြပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နှစ်ဘက် အဖွဲ့ အစည်း အနေနဲ့ရော ပြည်သူ ပြည်သားတွေ အနေနဲ့ပါ ဘယ်လို ပူးပေါင်း ဆောင်ရွက် သွားကြမလဲ ဆိုတာ ဆွေးနွေး ခဲ့ကြတယ်လို့ ကေအန်ယူ ဥက္ကဋ္ဌရုံး အတွင်းရေးမှူး ပဒို စောတာမူလာက ပြောပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ် တလျှောက်လုံးမှာ ကေအန်ယူနဲ့ ကေအိုင်အိုက ခေါင်းဆောင်တွေ အဖြစ် ပါဝင်ခဲ့ချိန်က တက်တက်ကြွကြွ ပါဝင်ခဲ့ပေမဲ့ NCA တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ် ရေးထိုးရာမှာ ကိုယ့်လူမျိုး ကိုယ့်ပြည်နယ် အခြေ အနေအပေါ် မူတည်ပြီး ကေအန်ယူက လက်မှတ်ထိုးခဲ့ပေမဲ့ မထိုးတဲ့ အဖွဲ့ တွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
လက်မှတ်ထိုးမထိုး ဆိုတဲ့ ကိစ္စကို သဘောထားတွေ ကွဲပြား မနေကြဘဲ ငြိမ်းချမ်းရေးကို အားတက်သရော ဆက်လက် လုပ်ကိုင်ကြဖို့ သဘော တူခဲ့ကြတယ်လို့ ပဒို စောတာမူလာက ပြော ပါတယ်။
အဲဒီ အတွက် နားလည်မှုတွေ ပြန်လည် တည်ဆောက်ဖို့နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ဘုံ သဘော တူညီချက်တွေ ရရှိရေး အတွက် ဆွေးနွေး ခဲ့ကြတယ်လို့လည်း ပဒို စောတာမူလာက ပြော ပါတယ်။
သတင်း ဖလှယ်တာ၊ သုံးသပ်တာနဲ့ အတူတကွ လေ့လာမှုတွေ၊ ဆွေးနွေးမှုနဲ့ ထိတွေ့မှုတွေ ပြုလုပ်ကြဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
NCA လက်မှတ် မထိုးနိုင် ခဲ့ရတဲ့ အကြောင်းကို ကေအိုင်အိုက ပြန်ပြောပြ ရာမှာ တိုက်ခိုက် မှုတွေ ဆက်ဖြစ် နေခြင်းက ယုံကြည်မှု တည်ဆောက်ရေးကို ပျက်ပြား စေနိုင်တဲ့ အပြင် အကြမ်းဖက် သမားတွေလို့ ကင်ပွန်းတပ် ခံရတာ ကလည်း ရှေ့ဆက်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင် နိုင်ရေးကို ထိခိုက်စေတယ်လို့ ပြောကြောင်း ပဒို စောတာမူလာက ပြော ပါတယ်။
လိုင်ဇာ ဆွေးနွေးပွဲမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရဲ့ အကြံပေး ပုဂ္ဂိုလ် နှစ် ယောက်လည်း ပါဝင်တယ်လို့ နှစ်ဘက် တွေ့ဆုံပြီးနောက် ထုတ်ပြန်တဲ့ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြည်ထောင်စုနေ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ပင်လုံ ရောက်မယ်
နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်နဲ့ ပြုလုပ်မယ့် ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်းနဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ပင်လုံမြို့ကို ပထမဆုံး သွားရောက်မယ်