အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ဝ ဖိတ်ခေါ် ဆွေးနွေးမယ်

United Wa State Army (UWSA) soldiers march in Pansang, Wa territory in north east Myanmar

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဝတပ်ဖွဲ့က စစ်သားများ

NCA စာချုပ်မှာ လက်မှတ် မရေးထိုးရ သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေရဲ့ ညီလာခံကို ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ဌာနချုပ် ရှိရာ ပန်ဆန်းမှာ မကြာခင် ကျင်းပဖို့ ရှိပါတယ်။

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က ဦးစီးပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ ၃ ရက် ကျင်းပမှာ ဖြစ်ပါတယ်။

NCA စာချုပ်ကို လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကို မဖိတ်ဘဲ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ ကိုသာ ဖိတ်ကြား ထားတယ်လို့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

အဲဒီ ညီလာခံမှာ လက်မှတ်ထိုးဖို့ ကိစ္စနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တဲ့အခါ ဆွေးနွေးမယ့် ကိစ္စရပ် တွေကို ဆွေးနွေး နိုင်တယ်လို့လည်း တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

လက်မှတ် မထိုးရ သေးတဲ့ တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ ၂၁ ရာစု ပင်လုံမှာ ဘယ်လို ပါဝင် နိုင်မယ် ဆိုတာ အဲဒီ ညီလာခံမှာ အဖြေ ရှာကြ လိမ့်မယ်လို့ ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံမှာ မိုင်းလား အဖွဲ့ရဲ့ နိုင်ငံရေး ဆိုင်ရာ အထောက် အကူပြု အဖွဲ့က ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒါ့အပြင် မြောက်က်ပိုင်း မဟာမိတ်တွေနဲ့ ဝ အဖွဲ့တို့ တွေ့ဆုံ ညှိနှိုင်း ကြလိမ့်မယ်လို့ သူက ပြောပါတယ်။

သူတို့ အားလုံးက ဒေါ်အောင်ဆန်း စုကြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ယုံကြည် မျှော်လင့်ချက် ရှိကြောင်း လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

၂၁ ရာစု ပင်လုံ ဒုတိယ အကြော့က မကြာခင် ကျင်းပ တော့မှာ ဖြစ်ပြီး NCA စာချုပ်ကို လက်မှတ်ထိုး မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ ပါဝင်ရမယ် ဆိုတဲ့ ကန့်သတ်ချက်က ရှိနေပါတယ်။

ပန်ဆန်း ညီလာခံ ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ UNFC ခေါင်းဆောင် တွေနဲ့ တရုတ် နိုင်ငံရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နဲ့ ချင်းမိုင်မှာ တွေ့ဆုံဖို့ ရှိပါတယ်။

အဲဒီနောက် မတ်လဆန်းမှာ ဒေါ်အောင် ဆန်းစုကြည် နဲ့ UNFC ရဲ့ကိုယ်စားလှယ်တွေ တွေ့ဆုံမှာ ဖြစ် ပါတယ်။