စွန့်လွှတ် ရဲဝံ့ ခဲ့သူတို့အတွက် ဂုဏ်ပြုပွဲ

ကိုနေဝင်း
ဓာတ်ပုံ ပုံစာ,

အဲဒီငွေတွေထဲက ကျပ် သိန်းနှစ်ရာကျော်ကို ဉီးကိုနီ ရဲ့မိသားစုကို

ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ လုပ်ကြံ ခံရတဲ့ တရားလွှတ်တော် ရှေ့နေ ဉီးကိုနီနဲ့ သူ့ကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမား ကို ဖမ်းဆီးရာမှာ ပါဝင်ကူညီရင်း ဆုံးပါးသွားတဲ့ အငှားယာဉ်မောင်းသမား ဉီးနေ၀င်း တို့ရဲ့ မိသားစုတွေ အပြင် တခြား ကူညီပေးခဲ့တဲ့ လေဆိပ်က တာဝန်သိ အငှား ယာဉ်မောင်းသမားတွေကို ဂုဏ်ပြုပွဲ တခု တော်၀င်နှင်းဆီမှာ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့၀င် ရှေ့နေ ဉီးကိုနီ လုပ်ကြံခံရပြီး ရက်ပိုင်းအတွင်းမှာ လူမှုကူညီရေး အဖွဲ့တွေက ဘဏ်မှာ ငွေစာရင်း တခု ဖွင့်လှစ် အလှူခံခဲ့ရာမှာ ရှေ့နေ ဉီးကိုနီနဲ့ တက္ကစီ သမား ဉီးနေ၀င်း တို့အတွက် အနယ်နယ် အရပ်ရပ်က လှူဒါန်းငွေ ကျပ် သိန်း ၉၀၀ ကျော် ရခဲ့ပါတယ်။

ကိုမောင်အောင်အေး၊ ကိုအရည်ကြို စတဲ့ လူမှုကွန်ရက်မှာ လူသိများတဲ့ လူတွေပြီးတော့ ပရဟိတ လုပ်ငန်း ဆောင်ရွက်ကြသူတွေက ကိုနေဝင်း ရဲ့ မိသားစု တွေကို လူသားချင်း စာနာ ထောက်ထားပြီး ကူညီ သင့်တယ်လို့ ဆိုကာ ဝိုင်းဝန်း ဆော်ဩပြီး အလှူငွေ ကောက်ခံ ခဲ့ကြကြောင်း ကူညီ ခဲ့တာနဲ့ ပတ်သက်လို့ စီမံဆောင်ရွက်ပေးသူတွေထဲက တယောက် ဖြစ်တဲ့ စာရေးဆရာ ထင်လင်းဉီး က အလှူ စတင် ဖြစ်မြောက်ခဲ့ပုံကို ပြောပါတယ်။

အခု အခါ အဲဒီငွေတွေထဲက ကျပ် သိန်းနှစ်ရာကျော်ကို ဉီးကိုနီ ရဲ့မိသားစုကို ပေးအပ်ခဲ့ပြီး တက္ကစီ ဉီးနေ၀င်း မိသားစု အတွက် သိန်း ၇၀၀ အဲဒီငွေနဲ့ တိုက်ခန်းနဲ့ ကားဝယ်ကာ တခြား စီမံမှုတွေ လုပ်ပေးခဲ့သလို လေဆိပ်က တာ၀န်သိ အငှားယာဉ်မောင်း သမားတွေ အတွက်လည်း ကျပ် သိန်း ၉၀ ပေးခဲ့ကြပါတယ်။

ဒီအလှူငွေ ပေးအပ် ဂုဏ်ပြုပွဲမှာ လသား ကလေးငယ်ကို ရင်မှာ ပွေ့ရင်း တက်ရောက်လာတဲ့ အငှားယာဉ်မောင်းသမား ကိုနေဝင်းရဲ့ ဇနီးသည် မစုမြတ်ခိုင် ကတော့ သူတို့မိသားစုကို လူချင်း မရင်းနှီးဘဲ ကူညီကြတဲ့ အတွက် အတိုင်းမသိ ကျေးဇူးတင်ပြီး အဲဒီအတွက် အားတက်စရာ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ သားအကြီးကတော့ ဖခင် ကွယ်လွန် သွားတာကို သိရှိထားပြီး သားအလတ်ကတော့ ဖခင် ဖြစ်သူ ကွယ်လွန် တာကို မသိသေးဘူးလို့ မစုမြတ်ခိုင် က ဆိုပါတယ်။

ဒါ့အပြင် ခင်ပွန်းသည် ဆုံးပါးခဲ့ချိန်ကစလို့ လူမမယ် ကလေး သုံးယောက်နဲ့ ဖြတ်သန်းရပေမယ့် ကလေးတွေရဲ့ အနာဂတ်ကို မြှင့်တင် ပေးဖို့ ကြိုးစားသွားမယ်လို့ မစုမြတ်ခိုင် က ပြောပါတယ်။

အခုလို စေတနာ သဒါထက်သန်စွာ ပါ၀င် လှူဒါန်းမှုတွေ ရှိကြသလို ဉီးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ကူညီမှုတွေ ရှိခဲ့ပါတယ်။ အဲဒီ အထဲမှာ ဉီးနေ၀င်း ကလေးတွေ ပညာရေး အတွက် ရုပ်ရှင် သရုပ်ဆောင်ကိုကျော်သူတို့ရဲ့ နာရေးကူညီမှု အသင်းက တာ၀န်ယူခဲ့သလို မိသားစု ကျန်းမာရေး အတွက် အာရှတော်၀င် ဆေးခန်းက စောင့်ရှောက်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်ရှင်။