ရွှေကျင်သာသနာပိုင် အန္တိမအဂ္ဂိဈာပန စည်ကားစွာကျင်းပ

ဘုန်းကြီးပျံ

ဓာတ်ပုံ ရင်းမြစ်, AshinWarYaMa Facebook

ဓာတ်ပုံ ပုံစာ,

လိုက်ပါတဲ့ ယာဉ်တန်းဟာ ငါးမိုင်ရှည်တဲ့အထိ များပြားခဲ့ပြီး လူတွေလည်း ကွင်းလုံးပြည့် လာရောက်ခဲ့ကြ

(၁၄) ဆက်မြောက် ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဃိယမဟာထေရ်ရဲ့ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မန္တလေးမြို့က ရွှေမန်းတောင် အားကစားကွင်းမှာ စည်စည်ကားကား ပြုလုပ်ခဲ့ပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလပ်ကို မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်ရဲ့ အောင်မြေသာစည် အလည်ကျောင်းကြီးမှာ ငါးရက်တာ အပူဇော်ခံပြီးမှ အခမ်းအနားကျင်းပမယ့် ဒေါင်းယာဉ်ပျံ ပြာသဒ်နဲ့ အားကစားကွင်းကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပို့ဆောင်ရာမှာ လိုက်ပါတဲ့ ယာဉ်တန်းဟာ ငါးမိုင်ရှည်တဲ့အထိ များပြားခဲ့ပြီး လူတွေလည်း ကွင်းလုံးပြည့် လာရောက်ခဲ့ကြပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလပ်ကို သတ်မှတ်ထားတဲ့ ညနေ ငါးနာရီ လေးဆယ်မှာ ဘုန်းကြီးပျံတွေရဲ့ ထုံးစံအတိုင်း ရုပ်ကလပ်ထားတဲ့ ပြာသဒ်ကို မီးရှူးမီးပန်းနဲ့ သဂြိုဟ်ခဲ့ပြီး အရိုးပြာကိုတော့ ဆရာတော်ကြီးရဲ့ ဆန္ဒအတိုင်း ဧရာဝတီမြစ်ထဲ မျောမယ့် အခမ်းအနားကို နောက်တရက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဆရာတော်ကြီးရဲ့ ဈာပနကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင်၊ တိုင်းဒေသ ဝန်ကြီးချုပ်နဲ့ သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

ရွှေကျင် သာသနာပိုင် ဆရာတော် ဘဒ္ဒန္တအဂ္ဃိယမဟာထေရ်ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဘဝ နတ်ထံ ပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူတဲ့ အချိန်မှာ သက်တော် ၁၀ဝ နဲ့ ဝါတော် ၈၁ ဝါရှိပြီ ဖြစ်ပါတယ်။

ရွှေကျင် သာသနာပိုင် (၁၅) ဆက်မြောက်နေရာကို ဆက်ခံမယ့် ဆရာတော်ကတော့ သက်တော် ၈၈ နှစ် ရှိပြီဖြစ်ပြီး တွဲဘက် သာသနာပိုင်အဖြစ်လည်း ထမ်းဆောင်ခဲ့တဲ့ မရမ်းကုန်းမြို့နယ် ဝိဇ္ဇောတာရုံကျောင်းတိုက် ပဓာန နာယက ဆရာတော် ဖြစ်ပါတယ်။