KNUကွန်ဂရက်နဲ့ ရက်တိုက်ဆိုင်လို့ ပင်လုံကို မတက်နိုင်

ဓာတ်ပုံ မူပိုင် ကရင်အမျိုးသား မီဒီယာ
Image caption ၂၁ ရာစု ပင်လုံညီလာခံကျင်းပမယ့် ရက် တိုက်ဆိုင်မှု ရှိလာခဲ့ရင် KNU အနေနဲ့ တက်ရောက်နိုင်ဖွယ်မရှိ

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက် ကျင်းပမယ့်ရက်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပတဲ့ အရေးပေါ် အစည်းအဝေးက သတ်မှတ်ပေးလိုက်ပါတယ်။

ကရင် အမျိုးသား အစည်းအရုံး KNU ဌာနချုပ် လော်ခီးလာ မှာ ကျင်းပတဲ့ အရေးပေါ်အစည်း အဝေး က သတ်မှတ်ပေးလိုက်တဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက် ကျင်းပမယ့်ရက်ဟာ မတ်လ ၁၄ ရက်နေ့ဖြစ်ပါတယ်။

၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပမယ့်ရက်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၁၅ ရက်နေ့ ကို ရွှေ့ပြောင်း ကျင်းပမှာဖြစ်တဲ့အတွက် KNU ကွန်ဂရက်ကျင်းပမယ့်ရက်နဲ့တိုက် ဆိုင် နေတာ တွေ့ရ ပါတယ်။

KNU ကွန်ဂရက် သတ်မှတ်တဲ့ရက်က မတ်လ ၁၄ ဖြစ်တာ ကြောင့် ကွန်ဂရက်ကျင်းပတဲ့ရက်နဲ့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပမယ့် ရက် တိုက်ဆိုင်မှု ရှိလာခဲ့ရင် KNU အနေနဲ့ တက်ရောက်နိုင်ဖွယ်မရှိဘူးဆိုတာ အစိုးရကို အကြောင်းကြား ဖို့ ဆုံးဖြတ်ထားကြောင်း တွဲဖက်အတွင်းရေးမှူး (၂ ) ဗဒိုမန်းမန်း က ပြောပါတယ်။

KNU ကွန်ဂရက်ကျင်းပရင် ရက်သတ္တ ၃ ပတ်ကနေ၊ ၄ ပတ်အထိကြာလေ့ရှိပြီး ကွန်ဂရက် နောက်ဆုံး နေ့မှာ သက်တမ်း အသစ်အတွက် အလုပ်အမှုဆောင်ကော်မီတီ နဲ့ဗဟိုကော်မီတီဝင် အသစ်တွေကို ရွေးချယ်တင်မြှောက်လေ့ ရှိပါတယ်။

အခုကျင်းပမယ့် ၁၆ ကြိမ်မြောက် KNU ကွန်ဂရက်မှာ ခရိုင် ၇ ခုက ကိုယ်စားလှယ် နှစ်ရာ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ်တွေအထဲက သက်တမ်း အ သစ်အတွက် အလုပ် အမှုဆောင် ကော်မီတီဝင် ၁၁ ဉီး နဲ့ ဗဟိုကော်မီတီဝင် ၄၅ ဉီးကို ရွေးချယ်မှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်က လူအများစုက အပစ်အခတ်ရပ်စဲရေး ကိုဖေါ်ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးကိုပဲ ဥက္ကဋ္ဌသစ် အဖြစ်ထပ်ပြီးအရွေးခံရစေချင်တယ် လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဉက္ကဌ အဖြစ်ပြန် အရွေးခံရရေးဟာ ကေအင်ယူခရိုင် ၇ ခုက ကိုယ်စားလှယ်တွေ အပေါ်မှာ မူတည်ကြောင်း စောင့် ကြည့်လေ့လာသူ တွေက ပြောကြား နေပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ