ဘူးသီးတောင်နယ်စပ် တိုက်ခိုက်ခံရမှု စုံစမ်းဆဲ

ဓာတ်ပုံ ရင်းမြစ်, EUROPEAN PHOTOPRESS AGENCY
ဒီတိုက်ခိုက်မှုအတွင်းမှာ လုံခြုံရေးအဖွဲ့ဝင်တွေဘက်က ၂ ဦး ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရ
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့ နေ့လည်ပိုင်းက နယ်ခြားမှတ်တိုင် အမှတ် ၅၆နဲ့ ၅၇ ကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နေရာယူပြီး နယ်စပ်မှာ စစ်ဆေး ကင်းလှည့်နေတဲ့ အစိုးရ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်းမှာ လုံခြုံရေးအဖွဲ့ဝင်တွေဘက်က ၂ ဦး ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အေအေ ရခိုင်တပ်မတော်က ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သူတို့ တပ်ဖွဲ့တွေဟာ အဲဒီနေရာနားမှာ လှုပ်ရှားမှုမရှိသလို ဒီတိုက်ခိုက်မှုဟာ သူတို့နဲ့ မဆိုင်ဘူးလို့ ဘီဘီစီကိုပြောပါတယ်။
အခုလို လာရောက်တိုက်ခိုက်ခဲ့တဲ့ အနက်ရောင်ဝတ် လက်နက်ကိုင် တပ်ဖွဲ့ အရေအတွက် ၃၀ လောက်ရှိပြီး သူတို့ဘက်က အကျအဆုံး အခြေအနေကိုလည်း မသိရသေးပါဘူး။

မြန်မာ- ဘင်္ဂလားနယ်စပ် ကုန်သွယ်မှုပြန်ဖွင့်
နယ်ခြားစောင့်တပ်တွေ တိုက်ခိုက်ခံရပြီးကတည်းက ၄ လနီးပါး ပိတ်ထားခဲ့ရ