ရခိုင်ပြည်နယ်ကို ခရီးသွားတွေ ပိုလာရေး ဆွေးနွေး

မြောက်ဦးမြို့မှာ ရှေးဟောင်း အမွေအနှစ်တွေ ပေါများ
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် ခရီးသွားလာရေး လုပ်ငန်း အထူး ကျဆင်းနေတဲ့ အတွက် ဒါကို တိုးတက်အောင် လုပ်ဖို့ ရခိုင်ပြည်နယ် ဟိုတယ် လုပ်ငန်းရှင်တွေ မြောက်ဦးမြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ပေါများတဲ့ နေရာ ဖြစ်ပေမယ့် အခုအခါ လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား အရေအတွက်က အထူးကျဆင်းနေပြီး လွန်ခဲ့တဲ့ နှစ်ကဆိုရင် ၄၀၀၀ ခန့်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာလည်း သံတွဲ ငပလီ ပင်လယ်ကမ်းခြေမှ အပ မြောက်ဦးမှာ နိုင်ငံခြားသား လာရောက် လည်ပတ်မှု ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
နိုင်ငံခြားသား ခရီးသွားတွေ ရခိုင်ပြည်နယ် အတွင်း မကြောက်မရွံ့ လာနိုင်ဖို့အတွက် ပြည်တွင်း ခရီးသွားတွေ ပိုလာလည်အောင် အရင် စွမ်းဆောင်ဖို့ လိုတယ်လို့ ဟိုတယ်ပိုင်ရှင်တဦးက ဘီဘီစီကို ပြောပါတယ်။
အခုအခါ ရခိုင်ပြည်နယ်အတွင်းမှာ ဟိုတယ်ဇုန် လေးခု ဖွဲ့ပြီး တဇုန်နဲ့ တဇုန် ချိတ်ဆက် လုပ်ဆောင်သွားဖို့ အဲဒီ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြပါတယ်။