အပစ်မရပ် အဖွဲ့တွေရဲ့ ပန်ဆန်း ထိပ်သီး ဆွေးနွေးပွဲ

UWSA ဌာနချုပ် ပန်ဆန်းမှာ တတိယ အကြိမ် ထိပ်သီး ဆွေးနွေးပွဲကို ကျင်းပ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ UWSA ဌာနချုပ် ပန်ဆန်းမှာ တတိယ အကြိမ် ထိပ်သီး ဆွေးနွေးပွဲကို ကျင်းပ နေပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကနေ ၂၄ ရက်နေ့ အထိ သုံးရက်ကြာ UWSA ဝ ဒေသမှာ ကျင်းပတဲ့ ထိပ်သီး ဆွေးနွေး ပွဲ ကို မိုင်းလား၊ AA ရခိုင်၊ TNLA တအာင်း ပလောင်၊ MNDAA ကိုးကန့်၊ KIA ကချင်၊ ရှမ်းပြည် တပ်မတော် SSPP/SSA က ခေါင်းဆောင်တွေ တက်ရောက် နေကြပါတယ်။
DKBA က ဗိုလ်မှူးကြီး စောဆန်းအောင် နဲ့ KNU/KNLA က ဒုတိယ စစ်ဦးစီးချုပ် စောဘွယ်ကျော်ဟဲ တို့လည်း အထူး ဧည့်သည်တော် အဖြစ် တက်ရောက် နေကြ ပါတယ်။
ဆွေးနွေးပွဲ ပထမဦးဆုံး နေ့မှာ လက်ရှိ NCA နဲ့ ပတ်သက်တဲ့ အမြင်တွေ၊ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အပေါ်မှာ တိုင်းရင်းသား အဖွဲ့တွေရဲ့ သဘောထား တွေကို စာတမ်းတွေ တင်သွင်း ခဲ့ကြကြောင်း TNLA အထွေထွေ အတွင်း ရေးမှူး တာဘုန်းကျော် က ဘီဘီစီ ကို ပြောပါတယ်။
ဆွေးနွေး ပွဲ ကို မတက်ရောက် နိုင်တဲ့ မွန်ပြည်သစ် ပါတီ NMSP နဲ့ ကရင်နီ တိုးတက်ရေး ပါတီ KNPP တို့ကလည်း စာတမ်းတွေ တင်သွင်း ခဲ့ကြတယ်လို့ သိရပါတယ်။
လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ဘုံသဘောထား ကြေညာချက် ကို ဆွေးနွေးပွဲ အပြီးမှာ ထုတ်ပြန် သွားဖို့ ရှိပါတယ်။
ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းမှာတော့ မြန်မာအစိုးရမှ တိုင်းရင်းသား အဖွဲ့တွေ တစ်စုထဲ မဖြစ်နိုင်ဖို့ အကြိမ်ကြိမ် သွေးခွဲ ခဲ့ပြီး ဆွေးနွေးမှုအဆက်ဆက်မှာ အစိုးရ အကျိုးရှိစေမဲ့ နည်းဗျူဟာ ကို ကျင့်သုံး အောင်မြင် ခဲ့တဲ့ အတွက် တိုင်းရင်းသား ထိပ်သီး အစည်းအဝေးမှာ တူညီသော သဘောထားများ ရယူနိုင်ဖို့ အရေးကြီးကြောင်း ၀ ခေါင်းဆောင် ပေါက်ယူချန်း က တိုက်တွန်း ပြောကြား ထားပါတယ်။
အစိုးရ သစ်လက်ထက်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မလာတာ၊ ၂၁ရာစု ပင်လုံ ညီလာခံ ကို နောက်တစ်ကြိမ် ကျင်းပတော့မှာ ဖြစ်ပေမယ့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် တွေ မပြီးပြတ်သေးတာ၊ တချိန်ထဲမှာပဲ အပစ်ရပ် စာချုပ် ကို လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ ရှိနေတာ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အချို့ကလည်း အပစ်ရပ် စာချုပ် ကို ပြန်လည် ပြင်ဆင် လိုတာ စတဲ့ ကိစ္စတွေကို ဘယ်လို ကျော်လွှား ကြမလဲ ဆိုတာ ကို ဆွေးနွေး အဖြေရှာ တဲ့ ပွဲ ဖြစ်ကြောင်း လေ့လာသူတွေ က သုံးသပ် နေပါတယ်။