မောင်တော အကြမ်းဖက်မှု စစ်ဆေးစဉ် သေဆုံးသူတွေရှိ

မောင်တော အကြမ်းဖက်မှု သံသယရှိသူ ရိုဟင်ဂျာတွေကို ဖမ်းဆီး စစ်ဆေးရာမှာ စုစုပေါင်း ၈ ဦး ရှိ

ဓာတ်ပုံ ရင်းမြစ်, European Photopress Agency

ဓာတ်ပုံ ပုံစာ,

မောင်တော အကြမ်းဖက်မှု သံသယရှိသူ ရိုဟင်ဂျာတွေကို ဖမ်းဆီး စစ်ဆေးရာမှာ စုစုပေါင်း ၈ ဦး ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့ နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း သံသယရှိသူ ရိုဟင်ဂျာတွေကို ဖမ်းဆီး စစ်ဆေးရာမှာ သေဆုံးသွားခဲ့သူ တချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို စစ်ဆေးရာမှာသေဆုံးခဲ့သူ စုစုပေါင်း ၈ ဦး ရှိပြီး သူတို့ သေဆုံးသွားခဲ့ရတာနဲ့ ပတ်သက်လို့ အခုအခါ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒီလူတွေသေဆုံးခဲ့တာနဲ့ စပ်လျဉ်းလို့ တိုင်ကြားမှု တချို့ လက်ခံရရှိထားသလို တချို့ရဲ့ ဆရာဝန်တွေရဲ့ စစ်ဆေးချက်တွေနဲ့ တင်ပြထားတာတွေ ရှိနေတာကြောင့် ပြန်ပြီးစိစစ်နေတယ်လို့ ဆိုပါတယ်။

အခု သေဆုံးသွားသူတွေကတော့ ငါးခူရ ကျေးရွာက ၅ ဦး၊ ကြိမ်ချောင်းက တဦး၊ တောင်ဘဇာက တဦး၊ ဘူသီးတောင် အကျဉ်းထောင်မှာ ဖမ်းဆီးထားစဉ် သေဆုံးခဲ့သူတဦး တို့ ဖြစ်ကြပါတယ်။

ဒီသေဆုံးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

မောင်တောအကြမ်းဖက်မှုနဲ့ ဆက်စပ် ဖမ်းခံထားသူဟာ စုစုပေါင်း ၅၈၅ ဦးရှိပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအို တချို့က မောင်တောမြို့နယ် အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း အစိုးရက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိခဲ့တယ်လို့ ပြောဆိုနေပြီး လူပေါင်း တထောင်ခန့် သေဆုံးသွားခဲ့တယ်လို့ စွပ်စွဲ ပြောဆိုထားတာတွေ ရှိနေပါတယ်။

မြန်မာ အစိုးရဘက်ကတော့ သေဆုံးသူ လူတရာခန့်သာရှိတယ်လို့ ပြောပါတယ်။