ဦးကိုနီ သတ်ခံရမှု နောက်ထပ် လူ ၂ဦး ဖမ်းဆီးထား

ဉီးကိုနီ
ဓာတ်ပုံ ပုံစာ,

အောင်ဝင်းခိုင် ဆိုသူကိုလည်း ဖမ်းဆီးရေး အတွက် ဆောင်ရွက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ထား

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ တရားလွှတ်တော် ရှေ့နေ ဉီးကိုနီ ကို အနီးကပ် သေနတ်ပစ် လုပ်ကြံခဲ့မှုနဲ့ ဆက်စပ်ပြီး တာမွေမြို့နယ်မှာ လူနှစ်ယောက် ကို ဖေဖော်ဝါရီလ ၁၀ ရက် နဲ့ ၁၁ရက်နေ့ တွေမှာ သီးခြားစီ ဖမ်းဆီးခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းဒေသကြီး လွှတ်တော် တာမွေက ဦးလှသိန်းက အတည်ပြု ပြောကြားပါတယ်။

ဉီးကိုနီ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံးက ဒုတိယ အကြိမ် ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၁၅ ရက် ကြေညာချက်မှာတော့ တရားခံ အောင်ဝင်းခိုင် ထွက်ပြေး လွတ်မြောက်နေတယ်လို့ သာ ဆိုထားပါတယ်။

တာမွေလေးမှာ ဇေယျာဖြိုးဆိုသူကို ဖမ်းဆီး ခဲ့ပြီး၊ ၁၁ ရက်နေ့က မာန်အောင် ရပ်ကွက်မှာ တင်ထွန်းအောင် ဆိုသူ ကို ဖမ်းဆီး ခဲ့တာ ဖြစ်ကြောင်း ဦးလှသိန်း က ပြောပါတယ်။

တင်ထွန်းအောင် ဆိုသူ ကို ဖမ်းဆီးစဉ်က သက်သေခံ ကဒ်ပြားတွေ ရှာဖွေ တွေ့ရှိခဲ့ရပြီး ထောက်လှမ်းရေး ထောက်ကူ တပ်က လို့ ကြားသိရကြောင်း ဦးလှသိန်း က ပြောပါတယ်။

ဇေယျာဖြိုးကို ဖမ်းဆီး ရမိခဲ့စဉ်တုန်း ကလည်း သက်သေခံ ကဒ်တွေ ဖမ်းဆီး ရမိခဲ့ပြိး လက်နက်တွေ နဲ့ ဖမ်းဆီးရမိ ခဲ့တယ်လို့တော့ မကြားသိရဘူးလို့ သူက ဆက်ပြောပါတယ်။

အဲဒီနေ့တွေမှာ လူနှစ်ယောက်ကို ဖမ်းဆီးထား တာကို သတင်း ကြားသိ ခဲ့ရပေမယ့် သတင်းထုတ်ပြန်တာမျိုး မရှိတဲ့ အပြင် သူတို့တွေဟာ ဘယ်သူဘယ်ဝါ တွေ ဖြစ်တယ် ဆိုတာကို အစိုးရ ပိုင်းက ထုတ်ပြန်တာမျိုးလည်း မရှိပါဘူး။

ဖမ်းဆီးရမိ ခဲ့သူတွေဆီမှာ သက်သေခံ ကဒ်တွေ ကို ရှာဖွေ တွေ့ ရှိခဲ့ရတဲ့ အတွက် သူတို့ ရဲ့ နောက်ကွယ်က အကြောင်းတရား ကို အသေအချာ မသိရဘူး လို့လည်း ဦးလှသိန်း က ပြောပါတယ်။

ဖမ်းဆီးခံရပြီး အချိန် တပတ်ကျော် ကြာတဲ့ အချိန်မှာလည်း နောက်ပိုင်းမှာလည်း ဘာမှ သတင်းထုတ်ပြန်တာမျိုးလည်း မရှိတဲ့ အပြင် ဘာမှ စုံစမ်း လို့ မရတော့ပါဘူး။

နောက်ထပ် လူ နှစ်ယောက်ကို ဖမ်းဆီး တာကလည်း အရင် ဖမ်းဆီး ရမိ ထားတဲ့ ကြည်လင်း နဲ့ အောင်ဝင်းဇော် တို့ နဲ့ တစုံတရာ ဆက်စပ်မှု ရှိသလား ဆိုတာကလည်း သေချာ မသိရသေးပါဘူး။

ဦးကိုနီ အမှု နဲ့ ပတ်သက်ပြီး ကြည်လင်း နဲ့ အောင်ဝင်းဇော် ဆိုသူကို ဖမ်းဆီး ရမိထား ပြီး သူတို့ နှစ်ယောက်ကို ငွေပေးစေခိုင်းတဲ့ အောင်ဝင်းခိုင် ဆိုသူကိုလည်း ဖမ်းဆီးရေး အတွက် ဆောင်ရွက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။